ဓရမ်ဆာလာ ခရီးသွားမှတ်တမ်း

3

Dharamshala

(၂၂-၈-၂၀၁၁) ရက်ကနေ (၂၅-၈-၂၀၁၁)အထိ တိဗက်တို့ရဲ့နေရာ Dharamshala မြို့သို့ အလည်အပတ်သွားဖြစ်ခဲ့တယ်။ Dharamshala ဆိုတာ ပါဠိလို ဓမ္မသာလာ လို့ရှိတယ်။ တရားစရပ်၊ ဓမ္မာရုံပေါ့။ ဒီမြို့လေးအကြောင်း စပ်သမျှ သိသမျှလေးတွေ မျှဝေချင်စိတ်ပေါ်လာတာနဲ့ စာတစ်ပုဒ်ရေးဖြစ်တယ်ဆိုပါတော့။

ဒလိုင်းလားမား တရားဟောသည့်နေရာ

တိဘက်ကိုယ်တော်များ တရားဆွေးနွေးပွဲကျဉ်းပနေစဉ်

မန္တာန်ဘီးများ၊ မန္တာန်မရွတ်ချင်လျှင် ဒီဘီးတွေလှည့်ပေးရသည်ဆို၏။

ဘက်ဂ်ဆူး ရေတံခွန်

ဒီမြို့လေးက ၁၈၄၉-ခုနှစ်လောက်က စတင်ထင်ရှားလာခဲ့တယ်လို့ သိရတယ်။ Dhauladhar တောင်စောင်းမှာ တည်ရှိတဲ့မြို့လေးပါပဲ။ ဒေလီကနေ (၅၈၂) ကီလိုမီတာ ဝေးတယ်။ ဆောင်းတွင်းမှာဆို နှင်းခဲနေတဲ့ တောင်တန်းတွေကို လှမ်းမြင်နေရမှာဖြစ်ပါတယ်။ အခုလို မိုးရာသီမှာတော့ အမြဲစိမ်းသစ်ပင်တွေ အထူးသဖြင့် တောင်တန်းတွေကို အလှဆင်ထားတာကတော့ ထင်းရှူးပင်တွေ ဖြစ်တယ်။ တိဗက်လူမျိုး အများစုနေထိုင်တဲ့နေရာဖြစ်တယ်။ ဓရမ်ဆာလာမြို့က နှစ်ပိုင်းရှိတယ်။ အထက်ဓရမ်ဆာလာရယ် အောက်ဓရမ်ဆာလာရယ်ပေါ့။ အဓိကသွားလည်ပတ်ရမယ့် ဓရမ်ဆာလာမြို့တော့ အထက်ဓရမ်ဆာလာမြို့ပါပဲ။ အောက်ဓရမ်ဆာလာမြို့က စီးပွားရေးမြို့တော်ဖြစ်တယ်၊ ပိုပြီးလဲ ကျယ်တယ်။ ဒါပေမယ့် Tourist Attraction သိပ်မရှိဘူး။ အထက်ဓရမ်ဆာလာသွားရင် အောက်ဓရမ်ဆာလာက ဖြတ်သွားရတာပါပဲ။

အထက်ဓရမ်ဆာလာမြို့လေးကတော့ နိုဘယ်လ်ဆုရှင် တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမား နေတဲ့ မြို့လေးဖြစ်ပါတယ်။ Mcleod Ganj ရပ်ကွက်နဲ့ Forsyth Ganj ရပ်ကွက်ဆိုပြီး နှစ်ရပ်ကွက်ရှိတယ်။ နှစ်မြို့နယ်လို့ ပြောရမယ်ထင်တယ်။ အခြေချနေထိုင်သူအများစုကတော့ တိဗက်လူမျိုးတွေပါပဲ။ တိဗက်လူမျိုးဆိုတာ (၁၉၅၉)ခုနှစ်က တိဗက်နိုင်ငံကို တရုပ်ကသိမ်းလိုက်တော့ တိဗက်ကနေ ထွက်ပြေးလာကြတဲ့သူတွေကို အိန္ဒိယအစိုးရက လက်ခံထားတာဖြစ်တယ်။ တိဗက်နိုင်ငံဟာ အရင်က ဗုဒ္ဓဘာသာဘုန်းကြီး ဒလိုင်းလားမားအုပ်ချုပ်တဲ့ ကမ္ဘာ့တစ်ခုတည်းသော နိုင်ငံဖြစ်တယ်။ ဘုန်းကြီးအုပ်ချုပ်မှုအောက်မှာ နေထိုင်ကြတဲ့နိုင်ငံငယ်လေးကို တရုပ်အစိုးရက သိမ်းပိုက်လိုက်တော့ တိဗက်လူမျိုးအများစုဟာ နိုင်ငံပျောက်ပြီး နီးစပ်ရာ အိန္ဒိယနိုင်ငံဘက် ထွက်ပြေးခိုလှုံနေကြရင်းနဲ့ အိန္ဒိယရဲ့ နိုင်ငံသားတွေ ဖြစ်နေကြတာပါပဲ။ ပြည်နှင်ဒဏ်အပေးခံရတဲ့ တိဗက်လူမျိုးတွေရဲ့ Head Quarter ဖြစ်လာတယ်။ အိန္ဒိယအစိုးရက တိဗက်လူမျိုးတွေကို ငါးနေရာလောက် ခွဲပြီး ပေးထားတယ်။ ဒေလီမြို့မှာလဲ Tibetan Refugee Camp ဆိုပြီး တစ်ခုရှိတယ်။ မိုင်ဆိုးပြည်နယ်မှာတစ်ခု၊ နောက်တစ်ခုကတော့ ကာလကတ္တားမြို့နဲ့ မလှမ်းမကမ်းမှာလို့ပြောတယ်။ ပြီးတော့ အိန္ဒိယမြောက်ပိုင်း လာဆာမြို့ဟာလဲ တိဗက်တွေ နေတဲ့ မြို့တော်ပါပဲ။ ရောက်တော့ မရောက်ဖူးသေးဘူး။

တိဗက်လူမျိုးများဟာ ဒီနေ့အထိလဲ ဗုဒ္ဓဘာသာကို လေးလေးနက်နက် ယုံကြည်လျက်ရှိနေတာကို တွေ့ရတယ်။ တွေ့တဲ့သူတိုင်းဟာ ဘုရားစာ တစ်ခုခုတော့ ရွတ်နေကြတယ်၊ ပုတီးစိပ်နေကြတယ်။ ရုပ်ရည်ကလဲ မွန်ဂိုလွိုက်အနွယ်တွေဖြစ်တော့ မြန်မာတွေနဲ့ တော်တော်ဆင်တယ်။ တိဗက်၊ မွန်ဂို၊ မဏိပူ၊ အာသံ၊ တြိပူ၊ နီပေါ စတဲ့နိုင်ငံတွေမှာ ရှိတဲ့ လူမျိုးတွေဟာ မွန်ဂိုလွိုက်အနွယ်ဖြစ်နေတော့ ဒီမျိုးနွယ်စုတွေကပဲ မြောက်ပိုင်းမြန်မာပြည်ကနေ တစ်ဖြည်းဖြည်း မြန်မာပြည်တစ်နံတစ်လျားသို့ ရွှေ့ပြောင်းနေထိုင်လာကြပြီး မြန်မာမျိုးနွယ်စုတွေ ဖြစ်နေကြတာဖြစ်တော့ ရုပ်ရည်နီးစပ်မှုရှိတာပေါ့။ ဒါပေမယ့် ဘာသာစကားတွေကတော့ နေရာဒေသမတူညီတဲ့အတွက် ကွဲပြားခြားနားသွားတယ်လေ။ နီပေါလူမျိုးစစ်စစ်တွေကလဲ မြန်မာနဲ့ တော်တော်တူညီတာ တွေ့ရတယ်။ ဒါကြောင့် ဘုရားက မြန်မာမျိုးနွယ်လို့ ဆွေမျိုးစပ်ယူလို့ ရသေးတယ်။ ဘုရားဟာ ကုလားမျိုးနွယ်မဟုတ်ပါဘူး။ နီပေါသားစစ်စစ်ပါ။ အိန္ဒိယပြည်မှာ ဘုရားပွင့်တာမှန်ပေမယ့် ဘုရားရဲ့ ဇာတိက နီပေါကဖြစ်တယ်။

တိဗက်လူမျိုးတွေ အကြောင်းပြောရင်းနဲ့ ဘုရားမျိုးနွယ်ဆီရောက်သွားတယ်။ တိဗက်တွေက ယဉ်ကျေးတယ်၊ သိမ်မွေ့တယ်၊ စာရိတ္တရေးရာလဲ တော်တော်ကောင်းတယ်။ စိတ်ချယုံကြည်လို့ရတဲ့ လူမျိုးတွေပါပဲ။ သူတို့ကိုးကွယ်ယုံကြည်တဲ့ ဒလိုင်းလားမားကိုလဲ တော်တော်တန်ဖိုးထားကြတယ်။ ဒလိုင်းလားမားရဲ့ အရှိန်အ၀ါကလဲ မနဲဘူးလေ။ နိုင်ငံတကာက အသိအမှတ်ပြုရတဲ့ ဘုန်းတော်ကြီးတစ်ပါးပဲ။ သူ့အရှိန်အ၀ါနဲ့ သူနေတဲ့နေရာကို နိုင်ငံတကာက ဧည့်သည်တွေ မရောက် ရောက်အောင် လာလည်နေကြတာတွေ့ရတယ်။ နိုင်ငံခြားဧည့်သည်အလာများတော့ တိဗက်လူမျိုးတွေအတွက် စီးပွားရေးအဆင်ပြေတာပေါ့။ ရပ်တည်မှုတစ်ခု ဖန်တီးခွင့်ရလာတယ်လေ။ ဟိုတယ်တွေ၊ နိုင်ငံတကာအဆင့်မီစားသောက်ဆိုင်တွေ၊ ဈေးဆိုင်တွေ၊ ရိုးရာဝတ်စုံတွေရောင်းချတာတွေ စသည်ဖြင့် စီးပွားရေးအခွင့်အလမ်းပွင့်လာနေတာ တွေ့ရလို့ ၀မ်းသာမိတယ်။ သူတို့နေတဲ့ ဒီမြို့လေးဟာ ဘာမှ စိုက်ပျိုးရေးလုပ်လို့မရတဲ့အပြင် ဒီလိုသာ Tourist Attraction မဖြစ်ခဲ့ရင် ဘာမှလဲ ရောင်းဝယ်ဖောက်ကားလုပ်လို့ အဆင်မပြေနိုင်ပါဘူး။ ဒီအားနဲချက်ကို သိထားတော့ ဒလိုင်းလားမားက သူ့လူမျိုးတွေ ဦးမော့နိုင်ရေး၊ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဒီမြို့လေးကို Tourist Attraction Site တစ်ခုအဖြစ် ဖန်တီးလိုက်တာ တော်တော် ချီးကျူးဖို့ ကောင်းတဲ့ အမြော်အမြင်တစ်ရပ်ပါပဲ။

ဒီမြို့လေးကနေ (၁၁)ကီလိုမီတာအကွာမှာ Bhagsunag Fall ခေါ်တဲ့ ဘက်ဂ်ဆူး ရေတံခွန်တစ်ခုရှိတယ်။ ဒီရေတံခွန်ကလဲ အလွန်မြင့်မားတဲ့ တောင်တန်းကြီးနှစ်ခုအကြားက စီးဆင်းလာတဲ့ စိမ့်စမ်းရေတွေက အလွန်မတ်စောက်တဲ့ ကျောက်ကမ်းပါးပြတ်ကနေ အောက်ကို ဖြာကျပြီး သဘာဝရေတံခွန်အဖြစ် ဖြစ်တည်နေတယ်။ ဆောင်းရာသီမှာဆိုရင် ရေခဲတောင်တွေ လှမ်းမြင်နေရတယ်ပြောတယ်။ ဟိမ၀န္တာတောင်တန်းတွေဆီကို ဒီကနေ သွားရင် သိပ်မဝေးတော့ကြောင်း ဒေသခံတွေက ပြောပြတယ်။ ဒီလောက် အချိန်မရတော့ ရသမျှ အချိန်တိုအတွင်းမှာပဲ ဓရမ်ဆာလာမြို့ဝန်းကျင်မှာရှိတဲ့ သဘာဝရှုခင်းတွေကိုပဲ လှည့်ပတ် ကြည့်ရှုခဲ့တာပေါ့။ တိဗက်လူမျိုးတွေရဲ့ ၀တ်စားဆင်ယင်မှု၊ နေထိုင်မှု၊ ဓလေ့ထုံးစံ၊ ရိုးရာယဉ်ကျေးမှု၊ ဖော်ရွေမှု၊ ကိုးကွယ်ယုံကြည်မှုတွေကို လက်တွေ့ မြင်တွေ့ခဲ့ရတာဟာ အလွန်ကျေနပ်စရာကောင်းပါတယ်။ ဒါတွေဟာ တကယ်တွေ့ခဲ့ရတဲ့ ကိုယ်တွေ့မှတ်တမ်းတစ်ခုပါပဲ။

ဒေါက်တာအရှင်ပါရမီ

  1. Mahanaga
    Mahanaga08-27-2011

    ရောက်အောင်သွားချင်တဲ့ဆန္ဒရှိပေမဲ့ မရောက်ဖြစ်သေးဘူး၊ ဒီပို့စ်ကို ဖတ်လိုက်ရတော့ ကိုယ်တိုင်သွားလိုက်ရသလို ခံစားရပါတယ်။ခရီးသွားဆောင်းပါး ကောင်းလေးပါဘုရား။

    ဒေလီကနေ ဘယ်လိုသွားရတယ်ဆိုတာလေး သိချင်ပါသည်ဘုရား။

    • admin
      admin08-27-2011

      ဒေလီမှာ Tibetan Refugee Camp ဆိုတာရှိတယ်။ Majanukatila လို့ပြောပြီး တက္ကစီငှားသွားရင် ရောက်တယ်။ အဲဒီ Tibetan မှာ Travel Agents တွေ အများကြီးရှိတယ်။ အဲဒီမှာ ကားလက်မှတ်ဝယ်ပြီး အဲဒီနားမှာပဲ ကားဂိတ်ရှိတယ်။ အဲဒီဂိတ်ကနေ စီးသွားလိုက်။ ညနေ ၆ နာရီထွက်တယ်။ တစ်ညအိပ်စီးရင် ရောက်ရောပဲ။ ကားခ အေစီ ၇၅၀ ရူပီး။ တစ်ကြောင်းစာ။ ဟိုမှာ ဟိုတယ်ခ တစ်ည ၃၀၀ လောက်ရှိတယ်။ စားသောက်ဆိုင်တွေလဲ အများကြီးပါပဲ။ နှစ်ညအိပ်လောက်တဲခို လည်ပတ်လိုက်ရင် နှံ့ပါတယ်။ အဆင်ပြေပါတယ်။

  2. min thein khine
    min thein khine10-30-2011

    အရှင်ဘုရား

    တပည့်တော် သိပ်ပြီးသွားချင်တဲ့ ဒေသပါ။အရှင်ဘုရားေ၇းထားတာကိုဖတ်ပြီးတော့..

    သွားချင်၊ရောက်ချင်တဲ့စိတ်တွေပိုပြီးပြင်းပျ လာရပါတယ်ဘုရား..။တပည့်တော်က မြန်မာပြည်ကဆိုတော့ …ဘယ်လိုမျိုး ဆက်သွယ် ချိတ်ဆက်ပြီး သွားလို့ ရနိုင်မလဲဆိုတာ မိန့် တော်မူပါဦး ဘုရား..။

Leave a Reply