လှူပုံလှူနည်း

1

 

အလှူဒါနတွေ လုပ်တဲ့အခါ အဆင့်မြင့်တဲ့ အလှူဒါနဖြစ်ဖို့အတွက် သစ္စာသိပြီးမှ လှူဒါန်းပါဆိုတာ မိုးကုတ်ဆရာတော်ဘုရားကြီးက ဦးစားပေး ဟောလေ့ ပြောလေ့ သွန်သင် ဆုံးမလေ့ရှိပါတယ်။ အလှူဒါနမှန်လျှင် မကောင်းဘူးဆိုတာတော့ မရှိပါဘူး။ ဒါပေမယ့် လှူတိုင်းလည်း ကောင်းကျိုး အတူတူ မရနိုင်ဘူးဆိုတာ အဘိဓမ္မာဒေသနာတော်က သက်သေခံထားပါတယ်။ ကုသိုလ်ဆိုတာ ဉာဏ်ပါမှ တော်ကာကျတယ်။

ဉာဏ်မပါဘဲနဲ့ ပြုလုပ်တဲ့ ကုသိုလ်ကောင်းမှုက အကျိုးပေးလိုက်မယ်ဆိုရင် အဲဒီအကျိုးပေးက သိပ်ကြောက်စရာကောင်းပါတယ်။  ဥပမာ- စေတနာမပါဘဲနဲ့ မဖြစ်မနေမို့၊ သို့မဟုတ် မကောင်း မကင်းလို့ လှူလိုက်ရတယ်ဆိုပါတော့။ ဒီကုသိုလ်ကနေ အကျိုးပေးလိုက်လို့ သုဂတိအဟိတ်နဲ့များ ပဋိသန္ဓေနေပြီး လူဖြစ်လာခဲ့ရင် အဲဒီလူဟာ လူစင်မမီတော့ဘူး။ လူ့အဆင့်အတန်းမီတဲ့ အသိဉာဏ်တွေ ကင်းမဲ့နေတော့ ရှေ့ကထားလဲမရ၊ နောက်ကလဲ ဖြောင့်ဖြောင့်မလိုက်တတ်နဲ့ ဘယ်နေရာမှ အချိုးမကျ၊ လူတောမတိုးတဲ့ဘ၀မျိုးဖြစ်သွားခဲ့ရင် သိပ်နစ်နာပါတယ်။ ဆွံ့အ နားပင်းစတဲ့ဘ၀ဆိုးမျိုးတွေလဲ ဖြစ်လာတတ်တယ်လေ။ ဒါဟာ ကုသိုလ်အကျိုးကြောင့် လူဖြစ်ရပေမယ့် လူဖြစ်ရကျိုးမနပ်တော့တဲ့ဘ၀၊ တရားအားထုတ်သော်လည်း တရားမရနိုင်တဲ့ဘ၀မျိုးပေါ့။ ဒါကြောင့် မကောင်း မကင်းလို့များ စေတနာမပါဘဲ၊ အသိဉာဏ်ဦးစီးမှုမရှိဘဲ မလှူလိုက်ပါနဲ့။ ဒီကံက ၀င်အကျိုးပေးလိုက်ရင် ကိုယ်ကျိုးနဲရတော့မယ်။ မဖြစ်မနေမို့လှူလှူ၊ မကောင်းမကင်းလို့လှူလှူ အနဲဆုံး ကံကံအကျိုး ယုံကြည်တဲ့ အသိဉာဏ်လေးတော့ ခြံရံပြီးလှူလိုက်ပါ။ တတ်နိုင်ရင် ၀ိပဿနာဉာဏ်လေး အခိုက်အတန့်ဖြစ်အောင် လုပ်ပြီးမှ လှူလိုက်ပါ။ အဲလိုမှ တစ်ခုခု မခြံရံနိုင်ရင် မလှူတာက ပိုကောင်းပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာဉာဏ်မှ မခြံရံမိဘဲလှူမိထားတဲ့ကုသိုလ်ကံကို သေခါနီးမှာ ပြန်လည်သတိတရရှိနေလို့ နောက်ဘ၀အတွက် အဲဒီကံက အကျိုးပေးလိုက်ရင် လူလုံးမလှတဲ့ လူ့ဘ၀မျိုးရလို့ လူ့ဘ၀ ရကာမတ္တမျှလောက်သာ ဖြစ်ရင် အလွန်နစ်နာလှပါတယ်။

နောက်ပြီးတော့ စေတနာရှိလို့လှူတယ်၊ လှူချင်လို့လှူတယ်၊ ဒါပေမယ့် အခုပြောခဲ့တဲ့ ဉာဏ်တစ်ခုခုမှ မပါခဲ့ရင်လဲပဲ ကိုယ်လှူတဲ့အလှူဟာ ဉာဏ်ကင်းတဲ့အလှူ ဖြစ်လို့ ဉာဏ၀ိပ္ပယုတ်ကုသိုလ်ဖြစ်နေပြန်ရော။ ဒီလို ဉာဏ၀ိပ္ပယုတ်ကုသိုလ်မျိုးကလဲ နောက်ဘ၀အတွက် အကျိုးပေးရင် ဉာဏ၀ိပ္ပယုတ်ပဋိသန္ဓေပဲ ပေးလိမ့်မယ်လေ။ အဲလိုပဋိသန္ဓေကို ဒွိဟိတ်ပဋိသန္ဓေလို့ခေါ်တာပေါ့။ ဒွိဟိတ်ပဋိသန္ဓေနဲ့ ဖြစ်လာခဲ့တဲ့ လူဟာလဲ လူစင်တော့မီပါရဲ့။ ဒါပေမယ့် သူဟာ ဘုရားနဲ့တွေ့တွေ့ သာသနာနဲ့တွေ့တွေ့ ဘယ်လိုမှ ဒီဘ၀ တရားမရနိုင်တော့ဘူး။ ဒါကြောင့် ဒီလိုအဖြစ်မျိုးလဲ မတိုးရလေအောင် ကုသိုလ်လုပ်တိုင်း ဉာဏ်တစ်မျိုးမျိုးတော့ ပါဖြစ်အောင် ပါပါစေ။ ဒီလိုမှမဟုတ်ရင် မလှူတာက ပိုကောင်းတယ်လို့ပဲ ပြောရမှာပါ။ ဒွိဟိတ်လူသားဆိုတာ တရားမရနိုင်တဲ့အဖြစ်ဆိုးနဲ့တိုးတော့ ကိုယ်လှူတဲ့ကုသိုလ်ကြောင့်ပဲ ကိုယ်ကျိုးနဲရတတ်တယ်။

ဒါကြောင့် ကုသိုလ်လုပ်တဲ့အခါ ကမ္မဿကတာဉာဏ် သို့မဟုတ် ၀ိပဿနာဉာဏ် တစ်ခုခုတော့ ခြံရံပြီးမှ လှူတာဟာ အကောင်းဆုံးပါပဲ။ ဒီလိုကုသိုလ်မျိုးကိုတော့ ဉာဏသမ္ပယုတ်ကုသိုလ်လို့ ခေါ်တယ်။ ဒီကုသိုလ်မျိုးက အကျိုးပေးလိုက်မှ နောက်ဘ၀ ဉာဏသမ္ပယုတ်ပဋိသန္ဓေလူသား ပြန်ဖြစ်နိုင်တယ်။ ဒီလိုပဋိသန္ဓေကို တိဟိတ်ပဋိသန္ဓေလို့ခေါ်တယ်။ တိဟိတ်ပဋိသန္ဓေမှ လူ့အဆင့်အတန်း အပြည့်အ၀ မီပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက ဘုရားနဲ့တွေ့လို့ တရားနာ တရားအားထုတ်ရင်လဲ လွယ်လင့်တကူ ကျွတ်တမ်းဝင်သွားနိုင်ပါတယ်။ သာသနာနဲ့တွေ့လို့ တရားအားထုတ်ခွင့်ရမယ်ဆိုရင်လဲ ကျွတ်တမ်းဝင်စာရင်းမှာ ပါဝင်နိုင်ပါတယ်။ ကိုယ်ပြုတဲ့ ကုသိုလ်ကံရဲ့ ကောင်းကျိုးကို ပြည့်ပြည့်၀၀ ပြန်လည်ခံစားနိုင်ခွင့်ရှိတာပေါ့။

သေခါနီးပြီဆိုတော့ ကိုယ်ပြုတဲ့ကုသိုလ်ကံတွေ သို့မဟုတ် အကုသိုလ်ကံတွေ ပြန်လည်ထင်မြင်လာတတ်တာမျိုး၊ ကမ္မနိမိတ်တစ်ခုခု၊ သို့မဟုတ် ဂတိနိမိတ်တစ်ခုခု ထင်မြင်လာတတ်တာမျိုးဟာ ကိုယ်ပြုခဲ့တဲ့ ကံအားလျှော်စွာ ဖြစ်လာတာတွေပါပဲ။ ဒါကြောင့် ပါပဓာတ်ဖြစ်တဲ့ မကောင်းတဲ့ ကံတွေကိုတော့ မလုပ်ဖြစ်အောင် အထူးသဖြင့် ရှောင်ကြဉ်ပြီး ကောင်းတဲ့ ပုညဓာတ်တွေ များများဖြစ်အောင်တော့ စုဆောင်းကြရတာပေါ့။ ဒီလိုစုဆောင်းတဲ့နေရာမှာ အသိဉာဏ်လေး ဦးစီးပြီးမှ စုကြဆောင်းကြမယ်ဆိုရင် အကောင်းဆုံးပါပဲ။ ပါပဓာတ်အင်အားစု များတဲ့သူက သေခါနီးမှာ သူအလေ့အကျင့်များခဲ့တဲ့ ပါပဓာတ် အကုသိုလ်နဲ့ပတ်သက်တာတွေသာ လာရောက်ထင်မြင် သတိတရဖြစ်နေမိပြီဆိုရင်တော့ လူပြန်ဖြစ်ဖို့တောင် မလွယ်တော့ပါဘူး။ အရှင်လတ်လတ် ကိုက်ဖြတ် အစားအသောက်ခံ တိရိစ္ဆ္တာန်လို ဘ၀မျိုး၊ အပါယ်ဘုံသားအဖြစ်နဲ့ သံသရာအောက်တန်းကျဖို့သာ ရှိတော့တယ်။ ဒါကြောင့် ပါပဓာတ်တွေ နဲနိုင်သမျှနဲအောင် ကိုယ့်သန္တာန်မှာ ကိန်းဝင်ခိုလှုံခွင့်မပေးပဲ ပထုတ်ပေးတဲ့ အလေ့အကျင့်လုပ်ထားရတယ်။ ကုသိုလ်ဓာတ် ပုညဓာတ်တွေ များနိုင်သမျှ များအောင် ကိုယ့်သန္တာန်မှာ ကိန်းဝင်နေအောင် စိမ့်ဝင်ပျံ့နှံ့နေအောင် လေ့ကျင့်ယူထားရတယ်။ ဒီလို လေ့ကျင့်ယူထားမှ သေခါနီးအချိန်မျိုးတွေမှာ ကိုယ်အလေ့အကျင့်များတဲ့ ကုသိုလ်ပုညတွေ ပြန်လည်မြင်ယောင်လာပြီး အဲဒီကုသိုလ်က နောက်ဘ၀ပဋိသန္ဓေကျိုးကို ပေးလိုက်ရင် လူတော့ ပြန်ဖြစ်ခွင့်ရှိနေသေးတာပေါ့။

ဒီလိုဖြစ်ခွင့်ပေးတဲ့နေရာမှာ အကောင်းဆုံး ပဋိသန္ဓေကျိုးကို ဖြစ်စေနိုင်အောင် တစ်သက်တစ်ခါ မှတ်မှတ်ရရ ကုသိုလ်လေး အနဲဆုံးတစ်ခုလောက်တော့ သစ္စာသိတဲ့ဉာဏ်လေးနဲ့ဖြစ်စေ၊ ဒါမှမဟုတ်ရင် ကမ္မဿကတာ ဉာဏ်ကလေးနဲ့ဖြစ်စေ လုပ်ထားသင့်ပါတယ်။ အဲဒီကုသိုလ်ကိုလဲ ပြုပြီး မေ့ပျောက်ပစ်မထားဘဲ အခါအားလျော်စွာ ပြန်လည်သတိရနေအောင် လေ့ကျင့်ယူထားရတယ်။ ဒါမှ အဲဒီကုသိုလ်က ကိုယ့်သန္တာန်မှာ စိမ့်ဝင်ပျံ့နှံ့နေမှာပါ။ ဒီလို အမြဲတစေ အမှတ်တရ ရှိနေတဲ့ ဉာဏသမ္ပယုတ်ကုသိုလ်မျိုးက အကျိုးပေးလိုက်မယ်ဆိုရင် နောက်ဘ၀အတွက် အဆင့်မြင့်လူသားတစ်ယောက်တော့ ဖြစ်ခွင့်ရှိတာပေါ့။

နောက်ဘ၀ လူပြန်ဖြစ်ခွင့်တောင်မှ တကယ်တော့ လွယ်ကူလှတာမဟုတ်ဘူး။ ဒါကြောင့် ဒါလေးတွေ သိထားရင် ဘ၀မှာ နေရကျိုးနပ်သေးတာပေါ့။ ဒီလိုမှ မသိလို့ ဒီလိုမှ မလုပ်ထားဘူးဆိုရင် ရင်းစားပင် ပြန်ရဖို့ မလွယ်ပါဘူး။ အခုလူ၊ နောက်ဘ၀ ဂြိုဟ်ပေါက်တဲ့ နွား၊ ဆိတ်၊ ကျွဲလိုမျိုး မဖြစ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူး။ ဒီလို အဖြစ်ဆိုးတွေက လွတ်မြောက်နိုင်အောင် ကိုယ့်ကို ကယ်တင်စောင့်ရှောက်ပေးနိုင်တဲ့ အမှတ်တရ ကုသိုလ်လေးတစ်ခုလောက်တော့ သစ္စာသိတဲ့ဉာဏ်ကလေး ခဏဖြစ်စေ တဒင်္ဂဖြစ်စေ ဖြစ်အောင် ပွားမြားပြီးမှ လှူဒါန်းထားကြစမ်းပါ။ ဒါဟာ အလွန်အရေးကြီးတဲ့ ကိစ္စတစ်ရပ်ဖြစ်နေလို့ပါပဲ။ ဒီဘ၀ ဒီခန္ဓာနဲ့ ကျွတ်တမ်းဝင်အောင် သစ္စာကို မဂ်ဉာဏ်အစစ်နဲ့ သိတဲ့အဆင့်ရောက်အောင် ကြိုးစားနိုင်ကြမယ်ဆိုရင်တော့ အကောင်းတကာ့ အကောင်းဆုံးလဲဖြစ်၊ ကျေးဇူးရှင်မိုးကုတ်ဆရာတော်ဘုရားကြီးရဲ အလိုဆန္ဒနဲ့လဲ ကိုက်ညီသွားတာပေါ့။

ဒေါက်တာအရှင်ပါရမီ

 

  1. Zin Yamone
    Zin Yamone10-14-2012

    In my opinion,I am very pleased to read SayarTaw’s orders

Leave a Reply to Zin Yamone Click here to cancel reply.