ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၂)

0

 

ကိုယ့်သန္တာန်မှာ ဖြစ်နေဆဲရုပ် ဖြစ်နေဆဲနာမ်ကို သိဖို့အရေးဟာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မသိနိုင်ဘူးလားဆိုတော့လဲ ကျကျနန ရှင်းလင်းပြပေးနိုင်မယ်ဆိုရင်တော့ သိနိုင်ပါတယ်။ ရုပ်လို့ ပြောမယ်ဆိုရင်တော့ သာမညအားဖြင့် အပြောဖြစ်လို့ ရူပက္ခန္ဓာကို ပြောခြင်းလို့ မှတ်ထားလိုက်ပေါ့။ ဒီရုပ်ကနေ လတ်တလော ယခုဖြစ်၍ ယခုပျက်တဲ့ရုပ်ကလေးတွေ ပေါ်ဆဲရုပ်ကလေးတွေ ထင်မြင်လာအောင် ကြည့်တတ်မယ်ဆိုရင်တော့ ဥပါဒါနက္ခန္ဓာဖြစ်တဲ့ ၀ိပဿနာအရှုခံရုပ်ကလေးတွေ မြင်နေပြီလို့ ဆိုရပါမယ်။ ဒါကြောင့် ရုပ်လို့ သာမညထင်မြင်နေရင် ရူပက္ခန္ဓာ၊ ပေါ်ဆဲရုပ်လို့ ထူးထူးခြားခြား သိနေရရင်တော့ အဲဒါ ရူပုပါဒါနက္ခန္ဓာလို့ မှတ်လိုက်တာပေါ့။ ဘာလို့လဲဆိုတော့ ရူပက္ခန္ဓာဆိုရင် ခန္ဓာတော့ ဟုတ်ပါတယ်။ ၀ိပဿနာအရှုခံ ခန္ဓာမဟုတ်သေးဘူးလေ။ ပေါ်ဆဲရုပ်ကမှ ၀ိပဿနာအရှုခံခန္ဓာ ဖြစ်တာကိုး။ အဲဒီ ပေါ်ဆဲရုပ်ဟာ ဥပါဒါနက္ခန္ဓာအမည်ရလို့ အရှုခံခန္ဓာဖြစ်သွားတာပါပဲ။ ရှင်းအောင် ပြောရရင် အထည်ရုပ်နဲ့ သဘောရုပ်လို့ တစ်နည်းမှတ်လိုက်ပါ။ အထည်ရုပ်က ကိုင်တွယ်စမ်းသပ်လို့ရတဲ့ ကိုယ်ကာယ။ အဲဒါ ရူပက္ခန္ဓာ။ အဲဒီ အထည်ရုပ်ပေါ်မှာ မှီပြီးပေါ်လာတဲ့ ပူမှုသဘော အေးမှုသဘော စတဲ့ သဘောရုပ်က အရှုခံရုပ်၊ ရူပုပါဒါနက္ခန္ဓာလို့ မှတ်လိုက်တာပေါ့။ အထည်ရုပ်က ရူပက္ခန္ဓာ၊ သဘောရုပ်က ရူပုပါဒါနက္ခန္ဓာ။

 

ရူပက္ခန္ဓာကို ကျတော့ သံဝေဂဉာဏ်ရလောက်ရုံပဲ ကြည့်လို့ ရှုလို့ရတာ။ ၀ိပဿနာဉာဏ်ဖြစ်အောင် ကြည့်လို့ရှုလို့မရဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်လက် ကိုယ့်ခြေ ကိုယ့်ခေါင်း ကိုယ့်ခါး စသည် မြင်နေတော့ မနေ့ကလဲ ဒီရုပ်ပဲ၊ အခုကြည့်တော့လဲ ဒီရုပ်ပဲလို့ ဒီလို အထင်ရောက်ရောက်လာတဲ့အခါ ကိုယ့်ရုပ် မမြဲဘူးဆိုတဲ့ အနိစ္စသဘော ထင်သာမြင်သာအောင် ရှုလို့ မရဘဲဖြစ်နေတယ်လေ။ တစ်နှစ်နဲ့ တစ်နှစ် အိုမင်းလာတယ်၊ ရင့်ရော်လာတယ်၊ ကြီးပြင်းလာတယ် စသည်လောက်သာ သွားကျိုး ဆန်ဖြူ ငယ်မူပျောက်တာလောက်သာ ထင်ရှားနေတော့ သံဝေဂဉာဏ်တော့ ဖြစ်တာပေါ့။ သူလဲ ၀ိပဿနာအထောက်အကူ ဖြစ်တာပါပဲ။ ဒါပေမယ့် ယခုဖြစ်၍ ယခုပျက်တာကိုမြင်ဖို့ဆိုတာ ဖြစ်ဆဲရုပ်ကို သိနေပါမှ သူပျက်ပျက်သွားတာကိုလည်း ဉာဏ်ထဲ ထင်မြင်လာနိုင်ပါတယ်။ ဒါကြောင့် ပူတာ အေးတာ နွေးတာလေးတွေ၊ လှုပ်တာ ငြိမ်တာလေးတွေ စောင့်ကြည့်တဲ့အခါ ဒီရုပ်လေးတွေဟာ ကိုယ့်ခန္ဓာထဲက ထွက်ပေါ်လာတဲ့ ယခုဖြစ်ဆဲရုပ်လေးတွေလို့ သိသိလာမယ်။ မြဲလား မမြဲလား ပျက်လား မပျက်လားလို့ ဉာဏ်နဲ့ အကဲခတ်လိုက်တဲ့အခါ သူကပဲ ပျက်ပြီ ပျက်ပြီလို့ ပြောပြောသွားလိမ့်မယ်။ သူ့အပြောကို ကိုယ့်မနောကနေ စောင့်ကြည့်နေလိုက်ရုံပဲပေါ့။

 

နောက်တစ်ဆင့်အနေနဲ့ ဖြစ်ဆဲ ပသာဒရုပ်ကလေးတွေ ထပ်ဆင့်ပြောပြရဦးမယ်။ မျက်စိအကြည်ဆိုတာ ပသာဒရုပ်ပါပဲ။ ထို့အတူ နားအကြည် နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည်ဆိုတာ နဂိုအရင် ရှိနှင့်ပြီး ရုပ်အကြည်လေးတွေကနေ သူ့ဆိုင်ရာအာရုံနဲ့ တိုက်မှ သူက အလုပ်ထလုပ်ကြတဲ့သဘောလေးတွေပေါ့။ မျက်စိ အဆင်းတိုက်တော့ မြင်စိတ်ပေါ်တယ်ဆိုပါစို့။ မျက်စိအကြည်ရုပ်ကလေးဟာ အဆင်းနဲ့တိုက်လို့သာလျှင် သက်ဝင်လှုပ်ရှားလာတာပါပဲ။ အဲဒီ သက်ဝင်လှုရှားလာတဲ့ အကြည်ရုပ်ကလေးဟာ အရင်က ရှိနှင့်နေတာလားဆိုတော့လဲ မဟုတ်ပါဘူး။ နောက်မှ ဖြစ်ဖို့ စောင့်နေတာလားဆိုတော့လဲ မဟုတ်ပါဘူး။ ယခု အဆင်းအာရုံနဲ့တိုက်ဆိုင်မိလို့သာလျှင် သူဖြစ်လာတာဆိုတော့ ဖြစ်ဆဲရုပ်ကလေး မျက်စိထဲမှာ ပေါ်နေပါလားလို့ သိလိုက်ရတာပေါ့။ ဒါဟာ ယခုဖြစ်ဆဲ စက္ခုပသာဒရုပ်ကလေးပါပဲ။ အဲဒီရုပ်ကလေးကို ဉာဏ်နဲ့ ဘယ်လိုများ အကဲခတ်ရပါ့မလဲဆိုတော့ မျက်စိ အဆင်းတိုက်လို့ မြင်စိတ်ပေါ်တယ်။ မြင်စိတ်ပျက်တော့ မျက်စိအကြည်ရုပ်ကလေးလဲ ပျက်သွားပြီလို့ သိသိပေးနေလိုက်တာပေါ့။ စိတ်ဖြစ်စဉ်ထက်တော့ ရုပ်ဖြစ်စဉ်က အနည်းငယ် ပိုပြီး သက်တမ်းရှည်တယ်လေ။ ဒါပေမယ့် အခုမြင် အခုပျက်ဆိုတော့ ဒီအကြည်ရုပ်ကလဲ နောက်ကနေ လိုက်လိုက် ပျက်ပျက်နေတယ်ဆိုတာ ခန့်မှန်းသိ သိသိပေးနေလိုက်ရင် ရုပ်လေးတွေ ပျက်ပျက်သွားတာ သိမြင်လာနိုင်တာပေါ့။ မျက်စိမှာလာထင်တဲ့ အဆင်းရုပ်လဲ မမြဲသလို အထင်ခံရတဲ့ မျက်စိအကြည်ရုပ်လဲ မမြဲဘူးဆိုတာ မြင်စိတ်နဲ့အတူ ယှဉ်ပြီး အကဲခတ်လိုက်တော့ သိသိလာရပါတယ်။ ဒီအတိုင်းပဲ ကြားစိတ်ပေါ်ဆဲအခိုက် နားအကြည်ရုပ်နဲ့ အသံ၊ နံစိတ်ပေါ်ဆဲအခိုက် နှာခေါင်းအကြည်ရုပ်နဲ့ အနံ့၊ စားစိတ်ပေါ်ဆဲအခိုက် လျှာအကြည်ရုပ်နဲ့ အရသာ၊ ယားနာကောင်းစိတ်ပေါ်ဆဲအခိုက် ကိုယ်အကြည်ရုပ်နဲ့ တွေ့ထိစရာလေးတွေဟာ မမြဲဘဲ ပျက်ပျက်သွားတာကို ဆင်ခြင်ကြည့်ပေးနေရမှာပါ။

 

ရုပ်မှာ သိတတ်တဲ့သဘောမရှိ၊ နာမ်မှာသာ သိတတ်တဲ့သဘောရှိတယ်ဆိုတာလေးလဲ တစ်ခု မှတ်လိုက်တာပေါ့။ ရုပ်တရားတွေက ဘာကိုမှ သူသိမပေးနိုင်ပါဘူး။ မျက်စိအကြည်ဟာ အဆင်းရူပါရုံကိုပဲ သူ့ဆီမှာ လာပြီး ထင်ဟပ်လိုက်တာပါပဲ။ သူက ဖြူလား မဲလား ကောင်းလား ဆိုးလားဆိုတာ ခွဲခြားဝေဘန် သိပေးနိုင်တဲ့ အစွမ်းမရှိဘူးလေ။ သူတို့နှစ်ခု ပေါင်းဆုံမိမှ ပေါ်လာတဲ့ စိတ်ဆိုတဲ့ နာမ်တရားကသာလျှင် အကောင်းအဆိုး ခွဲခြားသိပေးနိုင်ပါတယ်။ ဒါကြောင့် မသိတာက ရုပ်၊ သိတာက နာမ်လို့ တစ်ချို့ ပြောလေ့ ဟောလေ့ ရှိကြတာပေါ့။ တကယ်တော့ သိတတ်တဲ့ နာမ်သဘော မပါဘူးလို့ ဆိုလိုတာပါပဲ။ နောက်ပြီးတော့ အခိုင်းသမားက နာမ်၊ အလုပ်သမားက ရုပ်လို့ ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်တော်မူလေ့ ရှိပါတယ်။ ဟုတ်ပါတယ်။ နာမ်က ခိုင်းလို့သာလျှင် ရုပ်တွေက လုပ်ကိုင်ရွေ့လျားပေးနေရတဲ့သဘောပဲလေ။ သွားချင်စိတ်ကြောင့် သွားတယ်၊ စားချင်စိတ်ကြောင့် စားတယ်၊ နားချင်စိတ်ကြောင့် နားတယ်၊ လှုပ်ချင်စိတ်ကြောင့် လှုပ်တယ်၊ ငြိမ်ချင်စိတ်ကြောင့် ငြိမ်ဆယ်စသည်ဖြင့် ဆင်ခြင်တွေးတောကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ သွားချင်တာက စိတ်ဆိုတဲ့ နာမ်တရား၊ သွားတာက စိတ်ကြောင့် ဖြစ်လာတဲ့ ၀ါယောရုပ်ရဲ့ လှုပ်ရှားမှု ရုပ်တရား။ ဒါကြောင့် လင်္ကာဆောင်ပုဒ်လေးတွေတောင် မကြာမကြာ ကြားဖူးကြမှာပါ။ သွားချင်တာက နာမ်၊ သွားဟန်က ရုပ်၊ ရုပ်နာမ်နှစ်သင်း အမြင်ရှင်း သွားရင်းအလုပ်လုပ်။ အိပ်ချင်တာကနာမ်၊ အိပ်ဟန်က ရုပ်၊ ရုပ်နာမ်နှစ်သင်း အမြင်ရှင်း အိပ်ရင်းအလုပ်လုပ်။ စသည်ဖြင့် စပ်ဆိုထားတာလေးတွေပေါ့။ လက်ကလေး ဆန့်တယ် ဆိုပါစို့။ ဆန့်ချင်စိတ်မပါဘဲ ဒီလက်က မဆန့်ပါဘူး။ ဆန့်ချင်စိတ်လေးကြောင့်သာ သူ ဆန့်ဆန့်သွားသလို ကွေးချင်စိတ်ကလေး ပေါ်လာပြန်တော့လဲ သူဟာ အလိုက်သင့်ကလေး ကွေးသွားတာပေါ့။ စိတ်က မောင်းနှင်အားတစ်ခုပါပဲ။ အဲဒီ စိတ်ရဲ့ မောင်းနှင်အားကြောင့် လက်ကလေးက ကွေးတာ ဆန့်တာလေးတွေ ဖြစ်သလို ကျန်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာလဲ ဒီလိုသဘောတွေ ဖြန့်ကျက်စဉ်းစား ဆင်ခြင်ကြည့်ပေးမယ်ဆိုရင် သိသာနိုင်တာပေါ့။ ဒါဟာ နာမ်က ခိုင်းလို့ ရုပ်က အလုပ်လုပ်နေရတယ်ဆိုတဲ့သဘောပါပဲ။

 

ဒါပေမယ့် ရုပ်ဆိုတာ ကံ စိတ် ဥတု အာဟာရ အကြောင်း လေးပါးကြောင့် ဖြစ်နေတာမို့ လှုပ်ရှားမှု မှန်သမျှ စိတ်ကြောင့်ချည်း ဖြစ်နေတာလို့လဲ တရားသေ မှတ်ယူထားလို့ မရတဲ့အခါမျိုးတွေ ရှိနေသေးတယ်လေ။ ကံကြောင့် ဖြစ်နေတဲ့ ရုပ်တွေမှာ စိတ်က ခိုင်းစေနေစရာ မလိုဘဲ သူ့အလိုလို ဖြစ်နေတာရှိသလို ဥတု အာဟာရကြောင့် ရုပ်တွေ ပြောင်းလဲ နေတာတွေကိုလည်း သေသေချာချာ ကြည့်မယ်ဆိုရင် သိသာမြင်သာ ရှိပါတယ်။ ဖောက်ပြန်တတ်သော သဘော ထင်ရှားလို့ ရုပ်လို့ခေါ်တယ်၊ ဒါပေမယ့် သူဖောက်ပြန်တာကလဲ အကြောင်းမဲ့တော့မဟုတ်ဘူးလေ။ ဆိုင်ရာ အကြောင်းတွေ ရှိနေလို့ ဖောက်ပြန်တာပေါ့။ ကံက ပြုပြင်လိုက်ရင်လည်း သူဟာ ပြောင်းလဲသွားရတာမျိုးတွေ ရှိသလို စိတ်ကပြုပြင်လိုက်ရင် ဥတုက ပြုပြင်လိုက်ရင် အာဟာရက ပြုပြင်လိုက်ရင် ပြောင်းလဲသွားတာတွေလဲ ရှိနေပါတယ်။ ကံကတော့ ရုပ်လှအောင် ရုပ်ချောအောင် ရုပ်ဆိုးအောင် ကိုယ်လက်အင်္ဂါ စုံလင်အောင်၊ ကျန်းမာရေးကောင်းအောင်၊ ကျန်းမာရေး မကောင်းအောင် သူ့သတ္တိအားလျော်စွာ ပြုပြင်မှာပေါ့။ စိတ်ထောင်းတော့ ကိုယ်ကျေ၊ စိတ်ပျိုတော့ ကိုယ်နု ဆိုတဲ့အတိုင်း စိတ်တိုင်းကျနေတဲ့အခါ ရုပ်ရည် အသွင်အပြင်ကတစ်မျိုး၊ စိတ်တိုင်းမကျတဲ့အခါ ရုပ်ရည် အသွင်အပြင်ကတစ်မျိုး၊ စိတ်ကြည်နေတဲ့အခိုက် အသွင်အပြင်နဲ့ စိတ် မကြည်မလင်ဖြစ်နေတဲ့အခိုက် အသွင်အပြင် မတူသလို ကုသိုလ်စိတ်ဖြစ်နေတဲ့အခိုက် ရုပ်ရည်အသွင်အပြင်နဲ့ အကုသိုလ်ဖြစ်နေတဲ့အခိုက် ရုပ်ရည်အသွင်အပြင်တွေလဲ မတူတာဟာ စိတ်ကြောင့် ဖြစ်နေတဲ့ စိတ္တဇရုပ်တွေလို့ ခေါ်ပါတယ်။ စိတ်နှင့်အတူ ရုပ်တွေ ပြောင်းလဲ ဖြစ်ပျက်နေတာကို သတိကောင်းစွာ ထားကြည့်မိရင် သိမြင်နိုင်ပါတယ်။ ဒါနကုသိုလ်ပြုနေစဉ် ကိုယ့်သန္တာန်မှာ ကုသိုလ်ရုပ်တွေ စုဖွဲ့ဖြစ်တည်နေသလို သီလကုသိုလ်ပြုစဉ် သီလကုသိုလ်ရုပ်တွေ ဘာဝနာကုသိုလ်ပြုနေစဉ် ဘာဝနာကုသိုလ်ရုပ်တွေ ဖြစ်နေတာပေါ့။ (ကုသိုလ်စိတ်ကြောင့် ဖြစ်တဲ့ရုပ်ကိုပဲ ကုသိုလ်ရုပ်လို့ နားလည်လွယ်အောင် ပြောလိုက်တာပါ။) ထို့အတူ သူတစ်ပါးဥစ္စာ ခိုးယူနေစဉ် ခိုးရုပ်တွေဖြစ်နေမှာပါပဲ။ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်နဲ့အတူ ရုပ်တွေကလဲ ပြောင်းလဲနေတာကို သတိထားဆင်ခြင်ကြည့်မှ သိနိုင်ပါတယ်။ မေတ္တာပွားနေတဲ့အခိုက် မေတ္တာရုပ်၊ ဒေါသဖြစ်နေတဲ့အခိုက် ဒေါသရုပ်၊ ကိလေသာ ဖြစ်နေတဲ့ အခိုက် ကိလေသာရုပ်တွေ ဖြစ်နေတာပေါ့။

 

စိတ်ဆိုတာ ဟဒယ၀တ္ထုမှီပြီးဖြစ်နေတာလေ။ ဟဒယ၀တ္ထုဆိုတာကလည်း ကိုင်တွယ်ပြလို့ ရတဲ့ နှလုံးကို ပြောတာမဟုတ်ပါဘူး။ အဲဒီ နှလုံးထဲမှာရှိတဲ့ သွေးတွေနဲ့အတူ တည်ရှိနေတဲ့ သဘောရုပ်ကလေးတွေပေါ့။ လောဘဖြစ်ရင် လောဘတဏှာကြောင့် အဲဒီ ဟဒယ၀တ္ထုမှာရှိတဲ့ နှလုံးသွေးတွေက ပန်းရောင်အဖြစ်ပြောင်းသွားပြီး ဒီပန်းရောင်သွေးတွေကို သွေးလွှတ်ကြောမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ဖြန့်ကျက်ပေးလိုက်တဲ့အခါ အဲဒီအခိုက် တစ်ကိုယ်လုံး လောဘ တဏှာကြောင့် ဖြစ်တဲ့ ရုပ်တွေနဲ့ ရှင်သန်နေတဲ့အခိုက်ပေါ့။ ဒီအတိုင်းပဲ ဒေါသဖြစ်နေတဲ့အခိုက် ဒေါသကြောင့် သွေးတွေဟာ အနီရင့်ရောင်ပြောင်းသွားပြီး ဒီသွေးတွေကပဲ တစ်ကိုယ်လုံးရှိတဲ့ ရုပ်တွေကို ပြောင်းလဲစေတယ်လေ။ ထို့အတူ မောဟဖြစ်တဲ့အခိုက် နီကြဲကြဲ၊ သဒ္ဓါတရားလေးတွေ ဖြစ်နေတဲ့အခိုက် အ၀ါရောင်၊ ပညာတရားတွေ ဖြစ်နေတဲ့အခိုက် အဖြူရောင် အဖွေးရောင် စသည်ပြောင်းပြောင်းသွားစေအောင်လုပ်တတ်တာဟာ ကိုယ့်သန္တာန်မှာ ဖြစ်တည်နေတဲ့စိတ်ပါပဲ။ ဒါကြောင့် စိတ်ဟာ ရုပ်တွေကို ပြောင်းလဲသွားအောင်လုပ်နိုင်၊ ပြုပြင်ပေးနိုင်တယ်လို့ ဆိုရတာပေါ့။ ဒါကြောင့် ကိုယ်သန္တာန်မှာ ကုသိုလ်ဖြစ်ခိုက် ကုသိုလ်ကြောင့်ဖြစ်တဲ့ရုပ်၊ အကုသိုလ်ဖြစ်ခိုက် အကုသိုလ်ကြောင့်ဖြစ်တဲ့ရုပ်တွေ ဖြစ်နေတယ်လို့ အကြမ်းဖျင်းမှတ်လိုက်တာပေါ့။ ကျန်တဲ့ဝိပါက်စိတ်၊ ကြိယာစိတ်တွေဖြစ်ခိုက် အဲဒီစိတ်တွေကြောင့် ဖြစ်တဲ့ရုပ်တွေလာမှာပါပဲ။

 

ဥတုဆိုတာကတော့ အပူ အအေး အနွေး အအုံ့ အအိုက် စတာတွေကိုခေါ်ပါတယ်။ အဲဒီ ဥတုဆိုတာကိုက ရုပ်တရား။ အဲဒီရုပ်တရားကြောင့်လည်း ရုပ်တွေဟာ ပြောင်းလဲ ဖောက်ပြန်တတ်ပါတယ်။ ပူလွန်းရင်လည်း ရုပ်တွေက ညှိုး၊ အေးလွန်းရင်လည်း ရုပ်တွေက ခိုက်ခိုက်တုန်၊ နွေးလွန်းရင်လည်း ရုပ်တွေက ပျော့။ ဒါဟာ ကိုယ့်သန္တာန်မှာ အပူကြောင့် ဖောက်ပြန်ပြောင်းလဲနေတဲ့ ရုပ်တရားတွေပါပဲ။ ရာသီဥတုသာယာတဲ့အခါ ရုပ်တွေ လန်းဆန်းနေပြီး ရာသီဥတု မသာယာတဲ့အခါ ရုပ်တွေ ထုံထိုင်းနေတတ်တာတော့ လူတိုင်းသိ ဖြစ်ပါတယ်။ ဒါဟာ ဥတုကနေ ရုပ်တွေကို ပြုပြင်ပေးတဲ့ သဘောသဘာဝတွေပေါ့။ အာဟာရက ရုပ်ကို ပြုပြင်တယ်ဆိုတာက အထူး ပြောစရာတောင် လိုမယ်မထင်ပါဘူး။ အာဟာရပြတ်ရင် ရုပ်က တစ်မျိုး၊ အာဟာရ ပြည့်ဝရင် ရုပ်ကတစ်မျိုး၊ ကောင်းကောင်း စားသောက်ရခိုက်ပေါ်တဲ့ရုပ်နဲ့ ကောင်းကောင်း မစားရတဲ့အခိုက် ပေါ်တဲ့ရုပ် ဆင်ခြင်ကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ ကိုယ်ကြိုက်တာ စားလိုက်ရလို့ ရွှင်ပျနေတဲ့ ရုပ်နဲ့ ကိုယ်ကြိုက်တာ မစားလိုက်ရလို့ မှိုင်တွေနေတဲ့ရုပ်သွင် နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် အာဟာရကြောင့်လည်း ရုပ်တွေ ပြောင်းလဲ ဖောက်ပြန်နေတာပဲဆိုတာ အလိုလိုသိလာမှာပါ။

 

ဒီလို ပေါ်ဆဲရုပ်လေးတွေကို ပေါ်ဆဲအခိုက် မြင်အောင်ကြည့်မယ်၊ သိအောင်လုပ်မယ်ဆိုရင် ရုပ်ဆိုတာ ကိုယ့်သန္တာန် ပေါ်ဆဲတရားလေးတွေကို ပြောနေတာပါလားလို့ သိလာတာပေါ့။ ဒါဆိုရင် ရုပ်ကို သိနေတဲ့ အဆင့်ရောက်နေပါပြီ။ ဒီလို သိသိနေပြီဆိုရင် မောင်ဖြူလို့ပဲခေါ်ခေါ်၊ မောင်နီလို့ပဲခေါ်ခေါ် အဲဒါတွေက အခေါ်ရှိ၊ အပြောရှိ။ တကယ်ရှိက နာမ်နဲ့ရုပ်-ဆိုတာ သိလာမှာပေါ့။ သမုတိနယ်ကနေ ခေါ်ဝေါ်ပြောဆိုနေတာတွေဟာ လောကမှာ ရှိနေတဲ့ အခေါ်ရှိတွေပေါ့။ ဒီအခေါ်ရှိတွေကို အခေါ်ရှိလို့သာ သိသိနေပြီး အမှန်တကယ်ရှိနေတာက နာမ်နဲ့ရုပ်ပါပဲလို့ ထပ်ဆင့်သိလိုက်တဲ့အခါ ပရမတ်ကို သိသွားတာပါပဲ။ သမုတိလဲ လက်ခံရမှာ ဖြစ်သလို ပရမတ်ကိုလည်း သိအောင်လုပ်ရမှာဖြစ်ပါတယ်။ သမုတိပယ်လိုက်ပြန်ရင်လည်း အဖေမရှိ အမေမရှိ သမုတိလုပ်ပြီး ပြစ်မှားမိမယ်ဆိုရင် အပါယ်သွားရတတ်တယ်။ ဒါကြောင့် သမုတိလည်း မပယ်လေနဲ့၊ သမုတိပယ်က အပါယ်ကျတတ်တယ်။ ပရမတ်ကိုလည်း မကွယ်စေနဲ့၊ ပရမတ်ကွယ်က နိဗ္ဗာန်လွဲတတ်တယ်လို့ မှတ်လိုက်ပါ။ သမုတိတင် လမ်းဆုံးနေရင်လည်း ကိုယ်လိုချင်တဲ့နိဗ္ဗာန်မရောက်နိုင်ပါဘူး။ ဒါကြောင့် သမုတိနဲ့ လမ်းဆုံးမနေဘဲ တကယ်ရှိဖြစ်တဲ့ ပရမတ်ထိအောင် အမြင်ပေါက်လာပါမှ အဲဒီပရမတ်ကို ၀ိပဿနာရှုလို့ ရပါတယ်။ ကိုယ်မြင်ရတဲ့ ရုပ်ပရမတ်၊ နာမ်ပရမတ်ကို ဉာဏ်နဲ့ တွေးတော ဆင်ခြင် စဉ်းစားလိုက်တဲ့အခါ ပူတာလဲ ပူပြီးပျက်၊ အေးတာလည်း အေးပြီးပျက်၊ လှုပ်တာလည်း လှုပ်ပြီးပျက်၊ ငြိမ်တာလည်း ငြိမ်ပြီးပျက်၊ ဧကန်မမြဲဘူးဆိုတာ သူတို့ ပျက်ပျက်သွားတာလေးတွေ မြင်လိုက်တိုင်း အသိတစ်ချက်တစ်ချက်တိုးတိုးလာမှာပါ။ အဲဒီ တိုးလာတဲ့အသိဟာ ၀ိပဿနာမဂ်ဉာဏ်ပါပဲ။

ဒေါက်တာအရှင်ပါရမီ

 

Leave a Reply