ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၃)

0

 

ရုပ်ကို ရုပ်မှန်းသိ၊ ဖြစ်ပျက်မြင်အောင်ကြည့်။ နာမ်ကို နာမ်မှန်းသိ ဖြစ်ပျက်မြင်အောင်ကြည့်။

သာမန်အားဖြင့် ကြည့်ကြမြင်ကြတဲ့အတိုင်း လောကကြီးကို ကြည့်ကြမယ်၊ ရှုမြင်သုံးသပ်ကြမယ်ဆိုရင် ပညတ်တွေ အပေါ်မှာတင် အသိလမ်းဆုံးနေကြတယ်။ ဒီပညတ်တွေကို ခွါနိုင်မှ ပရမတ်ကို ဖောက်ထွင်း မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပညတ်တွေကို ခွါနိုင်အောင် ကြိုးစားကြရမှာပါ။

 

တကယ်တော့ လောကကြီးမှာ ပညတ်နဲ့ ကင်းကွာလို့လည်း မရပါဘူး။ ပညတ်တွေနဲ့ မှတ်သားပြီး စကားတွေ ပြောဆိုနေကြရတာ၊ ပညတ်တွေနဲ့ မှတ်သားပြီး ပညာတွေ သင်ကြားနေကြရတာ၊ အလုပ်တွေ လုပ်နေကြရတာ။ ဒီလို ပညတ်တွေ သုံးစွဲကြရင်းနဲ့ ပညတ်ကို အားကိုးရာအစစ်၊ အရှိတရားအစစ်အဖြစ် ထင်မြင်လာကြတာဟာ သဘာဝပါပဲ။ လူ၊ ခွေး၊ နွား၊ နတ်၊ ဗြဟ္မာစသည် ခေါ်နေကြတာတွေဟာ တကယ်တော့ ပညတ်တွေမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ပညတ်တွေကို အခေါ်ရှိလို့ မှတ်လိုက်တာပေါ့။ အခေါ်ရှိအပြောရှိမျှသာ ဖြစ်ပါတယ်။ အခေါ်ရှိ အပြောရှိတွေကိုလည်း နားလည်ထားရမှာဖြစ်ပြီး လက်ခံထားရမှာလည်း ဖြစ်ပါတယ်။ ပစ်ပယ်ထားလို့ မရပါဘူး။ ဒါပေမယ့် ဒီအထင် ဒီအမြင်တွေနဲ့ပဲ ဘ၀ပေါင်းများစွာ သံသရာဖြတ်သန်းခဲ့ကြသကဲ့သို့ နောက်လည်း ဒီအမြင်တွေနဲ့ပဲ ဆက်သွားနေကြဦးမယ်ဆိုရင် ဒီသံသရာဓာတ်ပြား အပ်ကြောင်းထပ်နေဦးမှာသာ ဖြစ်ပါတယ်။  ဒါကြောင့် အခေါ်ရှိ အပြောရှိ ပညတ်တွေ၊ သမုတိနယ်က အမှန်တရားတွေကိုလည်း တစ်ဘက်တစ်လမ်းက နားလည်ထားရမှာ ဖြစ်သလို တကယ်ရှိ အမှန်ရှိဖြစ်တဲ့ ပရမတ်တရားတွေကိုလည်း နားလည်ထားရမှာ ဖြစ်ပါတယ်။ အမှန်ရှိ ပရမတ်ဆိုတာ သဘောတရားမျှသာ ဖြစ်တယ်လေ။ ရုပ်ဆိုရင် ရုပ်ရဲ့ သဘော၊ နာမ်ဆိုရင် နာမ်ရဲ့သဘောလေးတွေကို ကိုယ်ပိုင်ဆင်ခြင်ဉာဏ်လေးနဲ့ စဉ်းစားစဉ်းစားပြီး ခွဲခွဲခြားခြား သိသိပေးနေရင် အခေါ်ရှိကတစ်ခြား အမှန်ရှိကတစ်ခြား၊ အပြောရှိကတစ်ခြား တကယ်ရှိကတစ်ခြားလို့ ခွဲခြားနားလည်တဲ့ ဉာဏ်လေး ရင့်ကျက်လာတာပေါ့။

 

သမုတိလောကကြီးထဲမှာ ရှင်သန်နေရတဲ့အတွက် သမုတိဝေါဟာရတွေနဲ့တော့ ဘယ်လိုမှ ကင်းလို့ ကွာလို့ မရပါဘူး။ ဒီသမုတိဆိုတဲ့ အခေါ်ရှိ အပြောရှိတွေဟာလည်း အမှန်တရားတွေသာ ဖြစ်ပါတယ်။ အခေါ်ရှိ အပြောရှိက သမုတိ၊ အမှန်တရားက သစ္စာ၊ ပေါင်းလိုက်တော့ သမုတိသစ္စာ လို့ခေါ်တာပေါ့။ သမုတိအမှန်တရားကို လိုက်စားရင် အပါယ်မကျဘူး၊ ဒါပေမယ့် သမုတိတင် လမ်းဆုံးနေရင်လည်း နိဗ္ဗာန်မရဘူး။ ဒါကြောင့် သူက သီလလုံခြုံရုံလောက်ပဲ မှန်ပါတယ်။ ဥပမာ- မင်း ဘယ်သူ့သားလဲလို့ မေးရင် ကျွန်တော် ဦးလှ + ဒေါ်မြရဲ့ သားပါ လို့ပြန်ဖြေတယ်ဆိုပါစို့။ မင်းဆိုတာလည်း သမုတိ၊ ဘယ်သူဘယ်ဝါဆိုတာလည်း သမုတိ၊ သား ဆိုတာလည်း သမုတိ၊ ကျွန်တော်ဆိုတာလည်း သမုတိ၊ ဦးလှဆိုတာလည်း သမုတိ၊ ဒေါ်မြဆိုတာလည်း သမုတိတွေ ပါပဲ။ ဒီသမုတိတွေ ပညတ်နာမည်တွေဟာ မှားသလားဆိုတော့လည်း မမှားပါဘူး။ အားလုံးဟာ အမှန်တရားတွေပါပဲ။ ဒါပေမယ့် ကိုယ့်မိဘနာမည်တွေကို အမှန်အတိုင်း မပြောဘဲ ဦးမြ + ဒေါ်လှရဲ့ သားပါးလို့ အမှားကို ပြောလိုက်မယ်ဆိုရင်တော့ မုသားစကားဖြစ်သွားတာပေါ့။ သမုတိအလွဲအမှားကြောင့် မုသားစကားဖြစ်ရတာပါပဲ။ ဥပမာ- မင်း ဘယ်ဇာတိလဲ လို့မေးလိုက်တဲ့အခါ အမှန်တကယ်က ကိုယ်က မုံရွာဇာတိ၊ တကယ်ဖြေလိုက်တာက ကျွန်တော် ရန်ကုန်ဇာတိပါ လို့ဆိုရင် ဒါဟာ မမှန်တဲ့အမှားပါပဲ။ ရန်ကုန်ဖြစ်ဖြစ်၊ မုံရွာဖြစ်ဖြစ် အရေးစိုက်စရာမလိုပါဘူး၊ အားလုံးဟာ သမုတိတွေချည်းပဲ၊ ကိုယ်ဖြေချင်ရာ ဖြေလိုက်မယ်ဆိုရင် အမှားဖြစ်ကုန်တာပေါ့။ ဒါကြောင့် သမုတိဆိုတာလည်း သူ့အတိုင်းအတာတစ်ခုအထိတော့ မှန်ကန်မှုတွေ ရှိနေတယ်ဆိုတာ သိထားရမှာပါ။ မိဘ ဆိုတာ သမုတိ၊ ဒီသမုတိကို လက်မခံဘူးဆိုရင် မိဘလည်း ဓာတ်ကြီးလေးပါးပဲ ဘာထည့်တွက်စရာလိုလဲလို့ ပြစ်မှားလိုက်တော့ အပါယ်ကျရတယ်လေ။ ဘုရား ရဟန္တာဆိုတာလည်း ပညတ်တွေ သမုတိတွေပါပဲ။ ဒီတော့ လောကမှာ ဘုရားမရှိ၊ ရဟန္တာမရှိ၊ နာမ်နဲ့ ရုပ်သာရှိတယ်ဆိုရင် ဒါ ပရမတ်ရှုထောင့်က ပြောတာဖြစ်တဲ့အတွက်တော့ မမှားဘူး။ သို့သော် အဲဒီအမြင်ကို ရောထွေးယှက်တင်ပြုပြီး သမုတိပယ်လိုက်တဲ့အနေနဲ့ ဘုရားဆိုတာ လက်မခံနိုင်ပါဘူးဆိုရင် သမုတိပယ်ရာ ရောက်သွားပြန်တယ်။ ပြစ်မှားမိမယ်ဆိုရင် အပါယ်ကျရတော့မယ်။ ဒါကြောင့် သမုတိကိုလည်း မပယ်လေနဲ့၊ သမုတိပယ်က အပါယ်ကျတတ်တယ်။ ပရမတ်ကိုလည်း မကွယ်စေနဲ့၊ ပရမတ်ကွယ်က နိဗ္ဗာန်မရဘူးလို့ ပြောရတာပေါ့။

 

လူ၊ နတ်၊ ဗြဟ္မာ စသည်ခေါ်ဝေါ်ပြောဆိုနေကြတာဟာ တကယ်တော့ သမုတိနယ်ကနေ ပညတ်ဝေါဟာရတွေနဲ့ ခေါ်ဝေါ်ပြောဆိုနေကြတာပါပဲ။ တကယ်အရှိတရားက ရုပ်နဲ့နာမ်သာဖြစ်တယ်။ ဒီတော့ အခေါ်ရှိအပြောရှိတွေကလည်း သူ့နယ်ပယ်နဲ့သူ မှန်နေကြတာချည်းပဲ။ အမှန်အတိုင်း ခေါ်ကြ ပြောကြ  ဆိုကြတဲ့အခါကျတော့ မုသားလွတ်တယ်။ ဒါပေမယ့်နိဗ္ဗာန်ရောက်တဲ့အမှန်တရား အစစ်တော့ မဟုတ်သေးဘူးလေ။ ဒီ သမုတိ ပညတ်တွေ ခွါနိုင်အောင် အတော်ကြိုးစားယူကြရတယ်။ ဘာလို့လဲဆိုတော့ အပြောနောက် သဘောပါနေကြတာကိုး။ ပြောလည်း ပြောတယ်၊ ထင်လည်းထင်တယ်။ ဒီလိုဖြစ်နေကြတာ။ ဒါကြောင့် အပြောနဲ့သဘော မရောစေနဲ့။ အပြောကတော့ မပြောမဖြစ်လို့ ပြောကြရတယ်။ သဘောကတော့ အရှိတရား ခန္ဓာငါးပါး၊ ရုပ်နာမ်တရားပါပဲ။ သူလို့ပြောတယ်၊ ငါလို့ပြောတယ်၊ ပုဂ္ဂိုလ်သတ္တ၀ါ၊ သူငါတစ်ပါး ယောက်ျားမိန်းမ စသည်ပြောနေကြတယ်။ ပြောတဲ့အတိုင်းလည်း ဒါဟာ တကယ့်အရှိတရားအဖြစ်နဲ့ ထင်မြင်ယူဆနေကြတယ်ဆိုရင် အဲဒါ တကယ်မရှိတာကို တကယ်ရှိထင်နေလို့ သက္ကာယဒိဋ္ဌိလို့ ခေါ်တယ်။ ဒီသက္ကာယဒိဋ္ဌိဟာ တစ်သံသရာလုံးက ကပ်ငြိစွဲပါလာတဲ့ အယူအဆပါပဲ။ တကယ့်အရှိခန္ဓာကို မသိမမြင်နိုင်အောင် ဒိဋ္ဌိကဖုံးထားတာပေါ့။ ဒီဒိဋ္ဌိဘာကြောင့် ဖုန်းအားကောင်းရပါလိမ့်မလဲဆိုတော့ သမုတိတွေ ပညတ်တွေကို အဟုတ်ရှိ တကယ်ရှိထင်နေလို့ပါပဲ။ ဒါကြောင့် သမုတိမကွာရင်၊ ပညတ်မသိရင် ဒိဋ္ဌိမပြုတ်၊ ဒိဋ္ဌိမပြုတ်ရင် ရုပ်နာမ်မမြင်နိုင်ပါဘူး။ ရုပ်နာမ်မမြင်ရင် ဖြစ်ပျက်လည်း မမြင်၊ ဖြစ်ပျက်မမြင်တော့ သစ္စာမသိ၊ သစ္စာမသိတော့ နိဗ္ဗာန်မရောက်။ ဒါဆို နိဗ္ဗာန်ဘာကြောင့် မရောက်ကြပါလိမ့်မလဲဆိုတော့ မရောက်ခြင်းရဲ့ အကြောင်းတွေက အဆင့်ဆင့်ရှိနေတာလေ။

 

ဒါကြောင့် နိဗ္ဗာန်ရောက်ကြောင်းတရား အားထုတ်ချင်ရင် သမုတိနဲ့ ပရမတ်ကွဲဖို့၊ ပညတ်နဲ့ ပရမတ်ကွဲပြားစွာ နားလည်ဖို့ ရှေးဦးစွာအရေးကြီးပါတယ်။ သဘောဉာဏ်ထဲမှာ အဲလို ကွဲနေအောင် နားလည်ထားပြီဆိုရင် အပြောပညတ်ကိုလည်း အမှန်သိ၊ သဘောပရမတ်ကိုလည်း အမှန်သိဖြစ်လာတဲ့အခါ ပညတ်ပရမတ်ကွဲတဲ့အဆင့်ရောက်လာတယ်။ ဒီလို ကွဲကွဲပြားပြား နားလည်ထားပြီဆိုရင် ရုပ်ကိုလည်း ရုပ်မှန်းသိ၊ နာမ်ကိုလည်း နာမ်မှန်းသိလာတယ်။ ဒီလို သိနားလည်လာတဲ့အခါ ရုပ်ကို ရုပ်မှန်းသိတော့ ရုပ်အပေါ်မှာ ငါထင်တတ်တဲ့ ဒိဋ္ဌိမ၀င်တော့သလို နာမ်ပေါ်မှာ ငါထင်တတ်တဲ့ ဒိဋ္ဌိလည်း မ၀င်တော့ ရုပ်နာမ်ပေါ်မှာ ငါစွဲ သူစွဲ ပုဂ္ဂိုလ်သတ္တ၀ါစွဲ ဒိဋ္ဌိပြုတ်တာပေါ့။ ဒါကြောင့် ရှေးဦးစွာ ရုပ်ကို ရုပ်မှန်းသိဖို့လိုပါတယ်။ နာမ်ကို နာမ်မှန်းသိနေဖို့လည်း လိုပါတယ်။ ဒီလို သိသိပေးနေရင် နာမ်ရုပ်ကွဲတဲ့ နာမရူပပရိစ္ဆေဒဉာဏ် ကိုယ့်သန္တာန်မှာ ဖြစ်နေတာပါပဲ။ ဒီဉာဏ်လေးတောင်မှ အခုပြောတော့လွယ်သလိုလိုနဲ့ ဘုရားသာသနာနဲ့ ကြုံလို့သာ သိခွင့်ရတဲ့အသိ၊ မြင်ခွင့်ရတဲ့ အမြင်။ ဒီလိုမှ သာသနာနဲ့ မကြုံ မဆုံရရင် ဒီလိုလေး ခွဲခြားစွာ မြင်နိုင်ဖို့တောင် မလွယ်လှပါဘူး။ ဒီအမြင်လေးနဲ့သာ နေလို့ ဒီအမြင်လေးနဲ့သာ သေသွားဦးတောင်မှ မှန်ကန်တဲ့အမြင်လေးရှိနေတဲ့အတွက် ဒိဋ္ဌိရှင်းနေတယ်။ ဒိဋ္ဌိရှင်းနေတော့ ဘာပဲဖြစ်ဖြစ် သုဂတိတော့ ဘ၀ကူးစိတ်ချရတယ်လေ။ ဒီအမြင်လေးဟာ သာမန်တွေးရင် ဘာမှမဆန်းဘူးထင်ရပေမယ့် ဒိဋ္ဌိပြုတ်တဲ့အမြင်လေးဖြစ်နေတယ်၊ အကျိုးပေးကလည်း သုဂတိသို့ တန်းနေတယ်။ ဒါကြောင့် ရုပ်နာမ်ကွဲရင် ဒိဋ္ဌိပြုတ်တယ်၊ အပါယ်မကျဘူး။ ဒါပေမယ့် နိဗ္ဗာန်တော့ မရောက်သေးဘူးလို့ မှတ်လိုက်တာပေါ့။

 

နိဗ္ဗာန်ရောက်ချင်ရင်တော့ တစ်ဆင့် ထပ်တက်ရပေလိမ့်မယ်။ အဲဒီရုပ် အဲဒီနာမ်တွေဟာ ဒီအတိုင်းနေသလား၊ ပြောင်းလဲနေသလားဆိုတာလေးတွေ ဆက်တွေးပေးရလိမ့်မယ်။ အတွေးလေးထည့်ပေးပြီး အလုပ်လုပ်လိုက်တာပေါ့။ ပကတိမျက်စိနဲ့ မြင်နေရတဲ့ ရုပ်ခန္ဓာကြီးကို မဆိုလိုဘူး။ အဲဒါက မျက်မြင်ခန္ဓာသာ ဖြစ်တယ်။ မျက်မြင်ခန္ဓာကို သဘောပြောင်းလဲမှု မြင်အောင် ကြည့်လို့ မဖြစ်နိုင်ဘူးလေ။ အခုကြည့်ရမှာက အတွေးထဲမှာ မြင်နေရမယ့် ခန္ဓာ၊ သဘောခန္ဓာမျှသာဖြစ်တယ်။ အဲဒီခန္ဓာကို ဉာဏ်မြင်ခန္ဓာလို့ မှတ်လိုက်တာပေါ့။  ဥပါဒါနက္ခန္ဓာပါပဲ။ ရုပ်ဆိုတာလည်း သဘောတရားပဲ၊ နာမ်ဆိုတာလည်း သဘောတရားပဲ။ ဒီသဘောတရားလေးတွေကို အတွေးအာရုံထဲ ခေါ်ယူပြီး မြဲလား မမြဲလား၊ ပျက်လား မပျက်လားဆိုတာ စဉ်းစားဆင်ခြင်ကြည့်တာပေါ့။ အဲလို စူးစူးစိုက်စိုက် စဉ်းစားလိုက်တဲ့အခါ သူတို့က မမြဲဘူး၊ ပျက်တယ်လို့ဆိုတာ အမှန်အတိုင်း အရှိအတိုင်း ပြောပြောသွားလိမ့်မယ်။ ရုပ်မှန်း နာမ်မှန်းသိတုန်းက အရှိကိုသိနေတာ။ ပရမတ်ကို သိနေတာ။ ဒါလည်းပဲ အမှန်တရားပါပဲ။ ဒါကြောင့် အရှိက ပရမတ်၊ အမှန်တရားက သစ္စာ၊ ပေါင်းလိုက်တော့ ပရမတ္ထသစ္စာပေါ့။ အဲဒီလို ပရမတ်အရှိတရားကို သိနေတဲ့အသိလေးဟာ ရုပ်နာမ်ကွဲတဲ့အသိ၊ ပရမတ်စစ်စစ်ကို မြင်နေတဲ့အမြင်ပါပဲ။ ပရမတ်မြင်မှ ဒိဋ္ဌိစင်၊ ဒိဋ္ဌိစင်မှ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မြင်မှ သစ္စာသိ၊ သစ္စာသိမှ နိဗ္ဗာန်ရောက်။ ဒီလို ဆင့်ကဲတက်ယူရမှာကိုး။ ဒီပရမတ်ကို မမြင်နိုင်အောင် ပညတ်ကကွယ်တယ်၊ သမုတိကကွယ်တယ်၊ ဒိဋ္ဌိက ကွယ်ထားတယ်။ ဒီအကွယ်တွေ ဖယ်ရှားနိုင်မှ ပရမတ်ကို ဖောက်ထွင်းမြင်နိုင်ပြီး သဘောဆိုက်အောင် ကြည့်လို့ ရမယ်လေ။ ဒီလိုကြည့်လိုက်လို့ သဘောပြောင်းလဲမှုလေးတွေ မြင်လာပြီဆိုရင် ပရမတ်အရှိသိတုန်းက အဖြစ်ကိုမြင်တာ၊ ပြောင်းလဲမှုကို သိတော့ အပျက်ကို မြင်တာ။ ဖြစ်ပျက်အစုံမြင်လာတာပေါ့။ ဒီတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ၊ သေသွားတဲ့ ဒိဋ္ဌိက သမုဒယသစ္စာ၊ ဒိဋ္ဌိလုပ်မှရောက်မယ့် အပါယ်ခန္ဓာ မလာတော့တာက နိရောဓသစ္စာပါပဲ။ ဒါဖြင့် ဖြစ်ပျက်မြင်ရင် သစ္စာမြင်တယ်။ ဖြစ်ပျက်သိရင် သစ္စာသိတယ်။ ဒီဖြစ်ပျက်တွေ မြင်ဖန်များအောင်လုပ်နိုင်ရင် ဒီဖြစ်ပျက်ခန္ဓာ ဒုက္ခသစ္စာတွေ မုန်းတဲ့ ဉာဏ်တက်လာလို့ မုန်းဉာဏ်ရင့်သန်လာရင် ဖြစ်ပျက်ပျောက်ဆုံးသွားတဲ့အခါ နိဗ္ဗာန်တံခါး ပွင့်ပြီပေါ့။ ဒါကြောင့် ရုပ်နာမ်သိတော့ ဒိဋ္ဌိပြုတ်၊ ဒိဋ္ဌိပြုတ်တော့ အပါယ်တံခါးပိတ်တယ်။ နိဗ္ဗာန်တော့ မရောက်သေးဘူး။ ဖြစ်ပျက်မြင်အောင်လုပ်မှ သစ္စာသိ၊ သစ္စာသိမှ နိဗ္ဗာန်ရောက်ပါလိမ့်မယ်။ သစ္စာမသိဘဲနဲ့ ဘယ်သူမှ နိဗ္ဗာန်မရောက်နိုင်ပါဘူး။

 

ဒါကြောင့် ပညတ်နဲ့ ပရမတ်၊ သမုတိနဲ့ ပရမတ်ကွဲမှ ရုပ်နာမ်သိ။ ရုပ်နာမ်သိမှ ဒိဋ္ဌိကွာ။ ဒိဋ္ဌိကွာမှ ရုပ်သဘော နာမ်သဘော အမှန်သိ၊ အမှန်သိမှ ဖြစ်ပျက်မြင်။ ဖြစ်ပျက်မြင်တော့ သစ္စာသိ၊ သစ္စာသိတော့ နိဗ္ဗာန်တံခါးပွင့်ပြီပေါ့။

ဒေါက်တာအရှင်ပါရမီ

 

Leave a Reply