ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည် (၄)

1

ဒိဋ္ဌိကို ငရဲမျိုးစေ့ဟုလည်းကောင်း၊ အပါယ်မျိုးစေ့ဟုလည်းကောင်း မိုးကုတ်ဆရာတော်ဘုရားကြီး မကြာခဏ မိန့်တော်မူလေ့ရှိပါတယ်။ မှန်ပါတယ်။ ဒိဋ္ဌိမပြုတ်လို့ပဲ လုပ်ချင်ရာလုပ်နေကြတာ။ ဒိဋ္ဌိအစွဲတွေကြောင့်ပဲ အမြင်မမှန်ကြ၊ အမှန်မမြင်ကြပဲဖြစ်နေကြတာပါ။ ကိုယ့်ခန္ဓာကိုယ်ကို ငါ့ကိုယ်၊ ငါ့ဟာ၊ ငါ့ဥစ္စာထင်မှတ်နေကြတာဟာ ဒိဋ္ဌိအစွဲကြောင့်ပါပဲ။ ဒီလိုထင်မြင်နေတာ ဘာပြဿနာရှိလို့လဲ လို့ ထင်မှတ်စရာတော့ ရှိတာပေါ့။ သာမန်အတွေးနဲ့ ကြည့်မယ်ဆိုရင် ဒီအထင်ဟာ ဒါလောက်တော့ မဆိုးဝါးဘူးလို့ ထင်စရာရှိတယ်လေ။

 

ငါ့လက် ငါ့ခြေ ငါ့ခေါင်း ငါ့ခါး စသည်ထင်မြင်စွဲမှတ်ထားခြင်းဟာ အရှိခန္ဓာပေါ်မှာ မရှိတဲ့ ငါစွဲဒိဋ္ဌိ ၀င်နေတဲ့သဘောပါပဲ။ အရှိက ရုပ်နာမ် ခန္ဓာ၊ မရှိတာက ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ။ အရှိတရားက သက္ကာယ၊ မရှိတရားက ဒိဋ္ဌိ။ ပေါင်းလိုက်တော့ သက္ကာယဒိဋ္ဌိ။ အရှိတရားသက္ကာယဆိုတာ ရုပ်နာမ် ခန္ဓာမျှသာဖြစ်တယ်။ ဒါကြောင့် အရှိတရားက ဒုက္ခမပေးနိုင်ပါဘူး။ အပါယ်မပို့နိုင်ပါဘူး။ မရှိကို အရှိထင်၊ ငါစွဲဝင်နေတဲ့ ဒိဋ္ဌိကြောင့် ဒုက္ခတွေရောက်ကြ၊ အပါယ်ဘုံတွေပေါက်ကြနဲ့ ဖြစ်နေတာပေါ့။ ဒီလို ငါစွဲနဲ့ ထာဝရ စွဲမြဲထင်မြင်နေကြတာဟာ သက္ကာယဒိဋ္ဌိနဲ့ ရှင်သန်နေကြတာပါပဲ။ မရှိတရားရဲ့ အလွှမ်းမိုးခံနေကြရပြီး ငါစွဲအတ္တစွဲတွေအားကြီးနေကြတာပေါ့။ ငါ့ကိုယ်ဆိုတော့ ဒိဋ္ဌိ၊ ငါ့ဟာဆိုတော့ မာန၊ ငါ့ဥစ္စာဆိုတော့ တဏှာ။ ဒီတရားတွေဟာ အရှိ ရုပ်နာမ်ခန္ဓာပေါ်မှာ စွဲမှီပြီး ဖြစ်ပေါ်နေတဲ့ တရားဆိုးတွေပါပဲ။ ဒီတရားတွေကြောင့်ပဲ ငါကောင်းစားရေးကိုသာ ဦးစားပေးလုပ်ကိုင်တတ်တဲ့အလေ့အကျင့်တွေ ပေါက်ဖွားလာကြပြီး သူကောင်းစားရေးအတွက် လုပ်ပေးဖို့ စဉ်းစားမှု၊ တွေးခေါ်မှုတွေ ပျောက်ဆုံးနေကြရတယ်။ သူကောင်းစားရေးအတွက် မျက်ကွယ်ပြုလာကြပြီး သူတစ်ပါးအကျိုး သယ်ပိုးလိုစိတ်တွေ နဲပါးလာကြတယ်လေ။ ဒါတင်မက သူတစ်ပါးအကျိုး ပျက်စီးရာပျက်စီးကြောင်းတွေ ကြံတတ်ဖန်တတ်လာကြတယ်ပေါ့။ ငါကောင်းစားရေး အတ္တအတွေးတစ်ချက်ရဲ့ ထိုးနှက်ချက်ဟာ ဘယ်လောက်အထိ ပြင်းထန်သလဲဆိုတာ ဒါလောက်ဆို ပေါ်လွင်လောက်ပါပြီ။ ဒါဟာ ဒိဋ္ဌိက မြစ်ဖျားခံလာတဲ့ ဆိုးကျိုးတွေပါပဲ။ ဒါတင်မကဘူး၊ ငါ့လာမထိနဲ့ မီးပွင့်သွားမယ်။ ငါ့များ ဘာမှတ်နေလဲ၊ ငါ့ ဘာထင်နေလဲဆိုတာမျိုး ဒေါသ မာနလွှမ်းမိုးပြီးတော့ ရန်သတ္တရုပြုဖို့လည်း ၀န်မလေးတော့တာ ငါစွဲအခြေခံက ပေါ်ထွက်လာတဲ့ သဘာဝတွေပေါ့။ တစ်ဘက်တစ်လမ်းကလည်း ငါကောင်းစားရေးအခြေခံပြီးတော့မှ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ကိုယ်ရဖို့တစ်ခုတည်းကိုသာ ဇောင်းပေးပြီး ပြေးလွှားရှာဖွေလုပ်ကိုင် ရုန်းကြ၊ ကန်ကြရင်းနဲ့ ကိုယ်ပိုင်ဥစ္စာလေးတွေ စုမိဆောင်းမိလာပြန်တော့လည်း ငါ့ဥစ္စာလုပ်ကာ တဏှာနဲ့ သိမ်းပိုက်ယုယနေကြရ ပြန်တယ်။ ဒီလို သိမ်းပိုက်ချင်စိတ်တွေ အားကြီးလေ၊ ပိုင်ဆိုင်လိုဇောတွေ ကြီးလေဖြစ်ပြီး များများပိုင်ဆိုင်ချင်ရင် များများရှာဖွေကြရတယ်။ များများရှာဖွေကြရင်းနဲ့ တရားတာတွေ၊ မတရားတာတွေ ရောသမမွှေပြစ်လိုက်တော့ တရားတာက နဲနဲ၊ မတရားတာက များများ။ အဲဒီ မတရားက အပါယ်ဆွဲချလိုက်တော့ ကိုယ်မတရားရင် ကိုယ်အပါယ်သွားရုံပါပဲ။ သားသမီး ဇနီးမယားအတွက် ဆိုပြီး လျှောက်လွှဲလို့ ရတာမျိုးမဟုတ်ပါဘူး။ ကိုယ်အပါယ်သွားရတဲ့အခါကျတော့ သားသမီးကလည်း မလိုက်ပါဘူး၊ ဇနီးမယာကလည်း မလိုက်ပါဘူး။ ကိုယ်မှားရင် ကိုယ်သာခံရစမြဲဆိုတာ ဗုဒ္ဓရဲ့ ဓမ္မလမ်းစဉ်ပါ။ ဒါကြောင့် “မယားစားဖို့၊ သားစားဖို့ဟု၊ လောဘအလို၊ လိုက်မပိုနှင့်၊ ဤကိုယ်ပျက်ပြား၊ ဂတိလားသော်၊ မယားမပါ သားမပါဘူး” တဲ့။

 

အတ္တအခြေခံစိတ်ဓာတ်က ကိုယ်ကောင်းစားရေးကို နံပါတ်တစ်မှာထားတယ်။ ကိုယ့်မိသားစုကောင်းစားရေးက နံပါတ်နှစ်ရောက်နေတယ်။ ကိုယ့်ဆွေမျိုး ကိုယ့်အသိုင်းအ၀ိုင်း ကောင်းစားရေးက နံပါတ်သုံးရောက်လာတယ်။ အရာရာတိုင်းမှာ ကိုယ်နဲ့ ပတ်သက်တာတွေကိုပဲ ရှေ့တန်းတင်ထားတော့တယ်လေ။ ကိုယ်နဲ့မဆိုင်သူတွေအတွက် ထည့်တွက်ငဲ့ကွက်မှုတွေ ပျောက်ဆုံးသွားပြီး ရက်စက်စရာရှိလျှင် ရက်စက်ဖို့ဝန်မလေးတော့ဘူး။ ခေါင်းပုံဖြတ်စရာရှိလျှင်လည်း ခေါင်းပုံဖြတ်ဖို့ ၀န်မလေးတော့ဘူး။ ဒီလိုနဲ့ ခိုးဆိုး လုယက် နှိပ်စက် သတ်ဖြတ်ဆိုတာတွေဟာ ကိုယ်ကောင်းစားရေး တစ်ကွက်ကြောင့် ဖြစ်လာရတဲ့ ဆိုးကျိုးတွေပါပဲ။ ကိုယ့်အလိုဆန္ဒကိုသာ ရှေ့တန်းတင်ထားတဲ့အတွက် သူ့အလိုဆန္ဒတွေကို နားလည်မပေးနိုင်တော့ ပြဿနာတွေ ရှင်းလို့ မပြီးနိုင်အောင် ဖြစ်နေကြတဲ့ လောကအရှုပ်အထွေးတွေ ပေါ်ပေါက်နေကြရတာပေါ့။ အဇာတသတ်ဟာ ငါ ဘုရင်ဖြစ်ချင်တယ်ဆိုတဲ့ ငါစွဲဒိဋ္ဌိဝင်ရောက်လွှမ်းမိုးလိုက်တဲ့အခါ သူ့အဖေ အရင်းခေါက်ခေါက်ကြီးကိုပင် ရက်ရက်စက်စက် သတ်ဖြတ်ရဲလာတယ်လေ။ ဒါကြောင့် ဒိဋ္ဌိစွဲလွှမ်းမိုးခံထားရတဲ့သူတွေ၊ ဒိဋ္ဌိစွဲ ပိုမိုအားကြီးတဲ့သူတွေဟာ သူများတွေထက် ပိုရက်စက်တတ်တယ်။ ပိုကြောက်စရာကောင်းတယ်။ သို့သော် ဗုဒ္ဓအလိုကျမူ အားနဲတဲ့ဒိဋ္ဌိလည်း မကောင်း၊ အားကြီးတဲ့ဒိဋ္ဌိလည်း မကောင်းပါဘူး။ ဒါကြောင့် အဲလို ဆိုးကျိုးတွေကို ဖြစ်ပေါ်စေတတ်တဲ့ ဒိဋ္ဌိတရားဆိုးကို ရှေးဦးစွာ အသိနဲ့ ဖြုတ်ဖို့ မိုးကုတ်ဆရာတော်ဘုရားကြီး အကြိမ်ကြိမ်မှာလေ့ရှိတာပါပဲ။

 

အခြေခံ အတ္တဒိဋ္ဌိ၊ သက္ကာယဒိဋ္ဌိရှိနေရင် ကျန်တဲ့ အကုသိုလ်တရားတွေဟာ အပါယ်ပို့နိုင်တဲ့အစွမ်းရှိနေတယ်။ ဒီ ဒိဋ္ဌိကိုသာ ကင်းအောင် ကွာအောင် လေ့ကျင့်ယူနိုင်ရင် ကျန်တဲ့အကုသိုလ်တရားတွေလည်း အပါယ်ပို့နိုင်တဲ့ အစွမ်းတွေ ပျောက်သွားရတော့တယ်။ ဥပမာ- အကုသိုလ်တရားတွေဟာ အပါယ်ရောက်ကြောင်းတရားတွေ မှန်ပင် မှန်ငြားသော်လည်း ဒိဋ္ဌိနှင့်ယှဉ်တဲ့ လောဘမူစိတ်တွေ ပယ်ထားတဲ့ သောတာပန်လိုပုဂ္ဂိုလ်မျိုးမှာ ဖြစ်တဲ့ အကုသိုလ်တွေဟာ အပါယ် မပို့တော့ပါဘူး။ သူ့မှာ ဒိဋ္ဌိပယ်လိုက်တာနဲ့ ၀ိစိကိစ္ဆာသဟဂုတ်စိတ်လည်း တစ်ပါတည်း ပယ်ပြီး ဖြစ်သွားတော့တယ်။ ဒါဟာ စိတ်တွေရဲ့ သဘောတရားတွေပါ။ စိတ်ကြောင့်ပဲ အပါယ်ရောက်ကြရတယ်ဆိုတဲ့ သဘောပါပဲ။ သောတာပန်တို့ အပါယ်မရောက်တာ ဒိဋ္ဌိမရှိလို့ဆိုတာထက် ဒိဋ္ဌိစွဲပြုတ်ထွက်သွားတော့ ငါကောင်းစားရေး ရှေ့တန်းမတင်တဲ့စိတ်၊ သူကောင်းစားရေးကိုသာ ဦးစားပေးနိုင်တဲ့ စိတ်ကောင်းတွေ ပြောင်းလဲလာခြင်းသာ ဖြစ်တယ်။ သောတာပန်တို့ လောဘ ဖြစ်ပင် ဖြစ်ငြားသော်လည်း ဒိဋ္ဌိမပါတဲ့လောဘသာဖြစ်တယ်။ ဒေါသဖြစ်ပင်ဖြစ်ငြားသော်လည်း ဒိဋ္ဌိပြုတ်ပြီးပုဂ္ဂိုလ်ရဲ့ ဒေါသသာဖြစ်တော့တယ်။ မောဟ ဖြစ်ပင် ဖြစ်ငြားသော်လည်း ဒိဋ္ဌိပြုတ်နေတဲ့အပြင် ၀ိစိကိစ္ဆာပါကင်းနေတဲ့ မောဟသာဖြစ်ပါတော့တယ်။ ဒီတော့ အဆိုးဆုံး ဒိဋ္ဌိကို ပယ်သတ်လိုက်နိုင်တာနဲ့ လောဘဖြစ်လဲ ကြောက်စရာလောဘ မဖြစ်တော့ပါဘူး။ ဒေါသဖြစ်လဲ အပါယ်ရောက်ကြောင်းဒေါသမဟုတ်တော့သလို မောဟဖြစ်လဲ အပါယ်ရောက်ကြောင်း မောဟမဖြစ်တော့ပါဘူး။ ဖြစ်လျှင် ဖြစ်မှန်းသိသိပေးပြီး နောက်က အသိလေးလိုက်လိုက်ပေးနိုင်တဲ့အဆင့်ရောက်နေတာဟာ အမှားမြင် မိစ္ဆာဒိဋ္ဌိကင်းပြီး အမှန်မြင် သမ္မာဒိဋ္ဌိ စွမ်းအားကြောင့်လို့ မှတ်လိုက်ပါ။ ဒါကြောင့် အမှန်မြင် သမ္မာဒိဋ္ဌိဖြစ်အောင်ကြိုးစားနေကြရတာဟာ ဗုဒ္ဓအလိုကျ ကျင့်စဉ်ကို လိုက်စားနေကြတာပါပဲ။

 

ဒီအမှန်မြင် သမ္မာဒိဋ္ဌိဖြစ်ဖို့အတွက်ကလည်း ရုပ်မှန်း နာမ်မှန်းသိမှ ဖြစ်ပါတယ်။ ရုပ်နာမ်သိတော့ အရှိကိုသိတယ်။ အရှိကိုသိတော့ အမှန်မြင်တယ်။ အမှန်မြင်တော့ အမှားမြင် မိစ္ဆာဒိဋ္ဌိကင်းတယ်။ မိစ္ဆာဒိဋ္ဌိကင်းတော့ အမှန်မြင်သမ္မာဒိဋ္ဌိဖြစ်တယ်။ ဒါဟာ အခြေခံလမ်းစဉ်ပေါ့။ ဒီအခြေခံလမ်းစဉ်ကို သိနားလည်ပြီး ရုပ်နာမ်အသိကို ရှေးဦးစွာ ပိုင်ပိုင်နိုင်နိုင်သိအောင် လုပ်နိုင်မယ်ဆိုရင် ကိုယ့်ခေါင်းထဲမှာ အမှန်သိဝင်နေပြီဖြစ်လို့ ဒိဋ္ဌိပြုတ်နေတဲ့အသိဖြစ်နေပါပြီ။ ဒါဟာ အခြေခံ အဆင့်တစ်အနေနဲ့ ဒိဋ္ဌိကို အသိနဲ့ ခွါပေးတဲ့နည်းပါပဲ။

 

ဒီကနေတစ်ဆင့်တက်လို့ ရုပ်ဆိုတာလည်း ဘယ်ရုပ်ပေါ်ပေါ် ဖြစ်ပြီးပျက်တော့ ဒုက္ခသစ္စာ၊ နာမ်ဆိုတာလည်း ဘယ်နာမ်ပေါ်ပေါ် ဖြစ်ပြီးပျက်တော့ ဒုက္ခသစ္စာဆိုတာ သိသိပေးနေလိုက်မယ်ဆိုရင် အကျင့်နဲ့ ဒိဋ္ဌိခွါပေးနေတာပေါ့။ ရုပ်မှန်းနာမ်မှန်းသိနေတုန်းက အသိနဲ့ ဒိဋ္ဌိကွာတယ်။ ရုပ်နာမ်ဖြစ်ပျက်တွေ မြင်နေတဲ့အခါကျတော့ အကျင့်နဲ့ ဒိဋ္ဌိကွာနေတယ်။ ဒိဋ္ဌိဆိုတာ ငါဗဟိုပြုဝါဒ၊ အတ္တဗဟိုပြုဝါဒပါပဲ။ ဒါကြောင့် ကိုယ်နိုင်တဲ့နည်းနဲ့ ဒီဒိဋ္ဌိကိုပဲ မကွာ ကွာအောင် ခွါထုတ်ပေးနေရမယ်လေ။ ဒါမှ ငါဗဟိုပြုတဲ့ အတွေးအခေါ်တွေ လျော့နည်းပြီး အတ္တဗဟိုပြုဝါဒတွေ လျော့ကျသွားမယ်။ ဒီလို ဒိဋ္ဌိကင်းတဲ့အမြင်နဲ့ လောကကြီးကို ရှုမြင်သုံးသပ်လိုက်မယ်ဆိုရင် ကိုယ်ကောင်းစားရေးဆိုတာထက် သူတစ်ပါးကောင်းစားရေးကိုသာ ပဓာနထားပြီး ကြည့်တတ်မြင်တတ်တဲ့ စိတ်ကောင်းစိတ်မြတ်တွေ တစ်ပါတည်း တိုးတက်ပြောင်းလဲလာတော့တာပါ။

 

ဒါကြောင့် ဒိဋ္ဌိအမြင် နဲနဲကင်းရင် နဲနဲကောင်းတယ်။ များများကင်းရင် များများကောင်းတယ်။ လုံးဝ ကင်းစင်သွားရင်တော့ လုံးဝ အကောင်းဘက်ရောက်သွားပြီဖြစ်လို့ အပါယ်ရေသောက်မြစ်ပြတ်ထွက်သွားပြီပေါ့။ ဒီအဆင့်ရောက်ဖို့အတွက်

၁။ အသိနဲ့ ဒိဋ္ဌိကွာအောင်ခွါ။

၂။ အကျင့်နဲ့ ဒိဋ္ဌိကွာအောင်ခွါ။

၃။ အပယ်နဲ့ ဒိဋ္ဌိကွာအောင်ခွါ။ ပယ်ခွါမှုနဲ့ ဒိဋ္ဌိခွါတာကိုပြောတာပါ။ မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ ဒီသုံးဆင့်ကို “သိကွာ၊ ကျင့်ကွာ၊ ပယ်ကွာ”- လို့ မြန်မာလို ရှင်းရှင်းလင်းလင်း မိန့်တော်မူထားပါတယ်။ ဒါကို ထိထိမိမိ သိရှိသဘောပေါက်နိုင်စေရန်အတွက် “ရုပ်ကိုရုပ်မှန်းသိ၊ ဖြစ်ပျက်မြင်အောင်ကြည့်။ နာမ်ကို နာမ်ကို နာမ်မှန်းသိ၊ ဖြစ်ပျက်မြင်အောင်ကြည့်” လို့ ဖော်မြူလာအနေနဲ့ မှတ်လိုက်တာပေါ့။ ရုပ်ကိုရုပ်မှန်းသိ၊ နာမ်ကိုနာမ်မှန်းသိတော့ ဒိဋ္ဌိ အသိနဲ့ ကွာတယ်။ ဖြစ်တာလေးတွေ ပျက်တာလေးတွေ မြင်အောင်ကြည့်နိုင်တဲ့အခါကျတော့ ဒိဋ္ဌိ အကျင့်နဲ့ ကွာတယ်။ ဖြစ်တာလည်း ငါမဟုတ်၊ ပျက်တာလည်း ငါမဟုတ်တော့ ငါဆိုတာ ဘယ်မှာမှ ရှာမရတဲ့အဆုံး ဒိဋ္ဌိဆိုတဲ့ ငါစွဲအမြင် ကြားဝင်ခွင့်မရတော့ပါဘူး။ ဒါဟာ အကျင့်နဲ့ ကွာနေတဲ့အဆင့်ပါပဲ။ ဒီအဆင့်ကို ကြိုးစားနေတာဟာ အမှန်မြင်သမ္မာဒိဋ္ဌိဖြစ်အောင်လုပ်နေတာ၊ အမှားမြင် မိစ္ဆာဒိဋ္ဌိကွာအောင် ခွါနေတယ်လို့နားလည်နေရမယ်လေ။ ဒီလို ဖြစ်ပျက်တွေ မြင်ဖန်များလို့ မုန်းဉာဏ်တက်၊ မုန်းဉာဏ်တက်လို့ ဖြစ်ပျက်ဆုံးသွားမယ်ဆိုရင်တော့ ဒိဋ္ဌိဟာ နောင်အခါ ပြန်မပေါ်သောအားဖြင့် ပြုတ်ထွက်သွားလို့ နံပါတ်သုံးအဆင့်ဖြစ်တဲ့ အပါယ်နဲ့ ဒိဋ္ဌိကွာအောင် ခွါလိုက်တာပါပဲ။ ဒါဆို ငရဲမျိုးစေ့၊ အပါယ်မျိုးစေ့ဒိဋ္ဌိ မရှိတော့တဲ့အတွက် ကိုယ့်အတွက် ငရဲမီးငြိမ်း၊ အပါယ်ခန္ဓာသိမ်းသွားပြီဖြစ်လို့ ငါသေရင် သပိတ်မသွတ်နဲ့တော့လို့သာ ရဲရဲတင်းတင်း မှာထားခဲ့နိုင်ပြီပေါ့။

 

ဒေါက်တာအရှင်ပါရမီ

  1. Zin Yamone
    Zin Yamone10-31-2012

    ဆရာတော်တရားတော် များကိုတပည့်တော်တို့ မိသားစုဖတ်ပြီး ၀မ်းမြောက်ရပါသည် အရှင်ဘုရား။။

    ဦးမြင့်သိန်း + ဒေါ်အေးအေးသောင်း

    မိသားစု

Leave a Reply to Zin Yamone Click here to cancel reply.