ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း(၁)

1

ဒီနေ့ခေတ်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်လို့ ကောက်ကြောင်းတွေ နည်းမျိုးစုံဆွဲနေကြတာတွေ ကြားသိမြင်တွေ့ နေရတယ်။ ဗုဒ္ဓဘာသာဆိုတာ သီလ၊ သမာဓိ၊ ပညာလို့ပြောသူကပြော၊ ကျင့်နေရမယ့်ဘာသာလို့ဆိုသူကဆို၊ ဒါနတွေ သီလတွေက အကာတွေ လို့ အော်သူက အော်၊ ရွတ်နေဖတ်နေတာတွေဟာ တန်ဖိုးမရှိသယောင် အရွတ်က အသားလောက်မကောင်းဘူးလို့ ခနဲ့သူကခနဲ့၊ သင်ပြီး မကျင့်ရင် နွားကျောင်းသားနဲ့တူတယ်၊ နွားသာကျောင်းရတယ် သူ့ခမျာနွားနို့မသောက်ရရှာဘူးလို့ ကဲ့ရဲ့သူက ကဲ့ရဲ့၊ ဘုရားရှိခိုးတာ၊ ပုတီးစိပ်တာ၊ မေတ္တာပို့ခြင်း စတဲ့သမထလုပ်ငန်းတွေလုပ်တာဟာ နိဗ္ဗာန်မရောက်ဘူးလို့ ပြောသူကပြောနဲ့ ဒို့ဗုဒ္ဓဘာသာ တွေ ဘာလုပ်လို့လုပ်ရမှန်း မသိတော့လောက်အောင် ဖြစ်နေကြတာ တွေ့နေရတယ်။ အချိန်ရှိသမျှ တရားပဲထိုင်နေရ တော့မလို ဖြစ်နေကြလေရဲ့။ မေးခွန်းလေးတစ်ခုတော့ မေးလိုက်ချင်တယ်။ တရားထိုင်လို့ကော နိဗ္ဗာန်ရောက်မှာ သေချာရဲ့လားလို့။ ဒီဘ၀ ဒီခန္ဓာနဲ့ပဲ နိဗ္ဗာန်ရောက်မှာ သေချာပြီ၊ စိတ်ချရပြီဆိုရင်တော့ ဘာမှလုပ်မနေနဲ့တော့၊ တရားသာထိုင်နေလိုက်ပါ။ မသေချာသေးဘူးဆိုရင် ဗုဒ္ဓဘာသာကို ဘက်စုံ ရှုထောင့်စုံမှ နားလည်အောင် လုပ်ထားသင့်ပါတယ်။

ဗုဒ္ဓဘာသာသည် လူသားအကျိုးပြု၊ လောကအကျိုးပြုဘာသာတစ်ခုဖြစ်ပါတယ်။ လူသားတို့ရဲ့ အားထားကိုးကွယ် ရာဘာသာလဲ ဖြစ်ပါတယ်။ နေ့စဉ်လူနေမှုဘ၀မှာ ကောင်းကျိုးပြုပေးနိုင်သလို အန္တရာယ်တွေကင်းအောင်လဲ ယုံကြည်မှုကပေးစွမ်းပါတယ်။ မေတ္တာပို့တယ်၊ အမျှဝေတယ်၊ ဘုရားဟောဂါထာတွေ ပရိတ်တွေ ပဌာန်းတွေ ကိုယ်နိုင်သလောက်ရွတ်ဖတ်တယ်ဆိုရင် ကိုယ့်အတွက် လူချစ် နတ်ချစ်လို့ ကိုယ့်အပေါ်မှာ ကျရောက်မယ့် မြင်ရတဲ့အန္တရာယ်တွေရော၊ မမြင်ရတဲ့အန္တရာယ်တွေပါ အကာအကွယ်ရသွားတာဟာ လက်တွေ့ကောင်းကျိုး တွေပါ။ ဘုရားရှိခိုးခြင်း ပုတီးစိပ်ခြင်းကြောင့် နတ်လူအလေးစားခံရ အပူဇော်ခံရတာတွေဟာလဲ ဗုဒ္ဓဘာသာရဲ့ အားသာချက်တစ်ခုပါပဲ။ ဒါနပြုလို့ အောင်မြင်ကျော်ကြား ကြီးပွားချမ်းသာနေကြတာဟာ ဗုဒ္ဓဘာသာရဲ့ ထူးခြားချက်ပါပဲ။ ဒီနေရာမှာ ဒါနဆိုတာကိုလဲ နားလည်ထားဖို့လိုသေးတယ်။ ဘုရားလှူမှ ကျောင်းကန်လှူမှ ဘုန်းကြီး လှူမှ ဒါနလို့ ဒို့မြန်မာတွေနားလည်နေကြတာဟာ ပြည့်စုံတဲ့နားလည်မှုမဟုတ်ပါဘူး။ သမ္မာအာဇီဝ ကျကျ ရှာဖွေရရှိထားတဲ့ စီးပွားဥစ္စာနဲ့ မိသားစုကို ကျွေးမွေးထောက်ပံ့တာ၊ ကိုယ့်ဆွေမျိုးတွေကို ပေးကမ်းကူညီတာ၊ ကိုယ့်ရပ်ကိုယ့်ရွာ သာယာရေး ဆောင်ရွက်ပေးတာ၊ တတ်နိုင်ရင် ကိုယ့်တိုင်းကိုယ့်ပြည် စည်ပင်အောင် နိုင်သလောက်ဆောင်ရွက်တာကအစ မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့ ကိုယ်ကျိုးစွန့်တဲ့ ပေးကမ်းမှုမျိုး တွေဟာ ဒါနတွေပါပဲ။ ဒီလိုစိတ်ထားတွေ ထားတတ်လာအောင် ကြိုးစားလာရင်းနဲ့ ဒါနအားသန်တဲ့သူဖြစ်လာရင် လောကမှာ ထင်ပေါ်ကျော်ကြား ကြီးပွားအောင်မြင်လာမှာ သေချာပါတယ်။ လုပ်သမျှ အဆင်ပြေချောမောပြီး တိုးတက်လာမှာပါပဲ။ ဒါမျိုးတွေပြောနေရင် ၀ိပဿနာသမားများက ဒါတွေဟာ နိဗ္ဗာန်ရောက်ကြောင်း မဟုတ်ဘူးလို့ ဇွတ်တရွတ်ပြောကောင်း ပြောကြလိမ့်မယ်။ နိဗ္ဗာန်မှာတော့ ဂုဏ်တွေ ပကာသနတွေ မရှိပါဘူး။ လောကမှာတော့ ဒါတွေနဲ့လူလုပ်နေကြရတာပါ။ ဂုဏ်ရှိမှ ပကာသနရှိမှ ကြီးပွားမှ ချမ်းသာမှ လူသူအလေးစား ခံကြရတာဟာ လောက ဓမ္မတာပါပဲ။ လောကကြီးကို မစွန့်ခွါနိုင်သေးဘူးဆိုရင် ဒါတွေကိုလဲ ဘေးဖယ်ထားလို့ မရပါဘူး။ ဆင်းဆင်းရဲရဲ မွဲမွဲတေတေနဲ့ နိဗ္ဗာန်ဝင်ရတာနဲ့ ချမ်းချမ်းသာသာ ပြည့်ပြည့်စုံစုံနဲ့နိဗ္ဗာန်ဝင်ရတာ ကတော့ အကွာကြီးကွာသွားပါလိမ့်မယ်။ ဘုရားရှင်ရဲ့ အလိုကျဆိုရင် လူသားတွေကို ကြီးပွားစေချင်တယ်၊ ချမ်းသာစေချင်တယ်၊ တိုးတက်စေချင်တယ်၊ ပြီးတော့ နိဗ္ဗာန်လဲ ရစေချင်တယ်။ လောကကြီးပွားရေး၊ သတ္တ၀ါတွေငြိမ်းချမ်းသာယာရေးတွေ ဦးစားပေးပြီး လူသားအကျိုးပြုလုပ်ငန်းတွေ ဘုရားအလောင်းတော် ဘ၀က သက်စွန့်ဆံဖျားကြိုးပမ်းခဲ့တဲ့ သာဓကတွေအများကြီးရှိပါတယ်။ လောကကြီးပွားရေးဘေးဖယ်ကြီး နိဗ္ဗာန်ရရေး လောက်သာ အဓိကထားလုပ်နေကြမယ်ဆိုရင် လောကကြီးအတွင်း လူဖြစ်လာရကျိုး နပ်မှာမဟုတ်ပါဘူး။ ကြီးပွားမှုလဲကင်း နိဗ္ဗာန်လဲ ရောက်အောင်မချဉ်းကပ်နိုင်တော့ နောက်ဘ၀များ ဘယ်ပုံစံနဲ့ ဆက်သွားမလဲ ဆိုတာ နဲနဲလေး တွေးခေါ်ကြည့်လိုက်ရင် သိနိုင်ပါတယ်။

Dr. V. Parami

  1. jitoohhtike
    jitoohhtike08-08-2011

    ဘယ်အလှုဒါနမျိုးပဲမဆို ..ကိလေသာကိုမမျော် ..မဂ္ဂင်ကိုသာ ..ရည်ရော်လို့  …ဒါနနဲ့ မွေ့ ပျော် ..တဲံ သူ …ဖြစ်ကြပါစေ ..လို့ 

Leave a Reply