အိုးလေး ကွဲသွားပြီ

0

 

ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး ထီးနန်းအုပ်ချုပ် မင်းလုပ်နေစဉ်အချိန်က ဘုရားအလောင်းတော်ဟာ သူဋ္ဌေးမျိုးမှာ ဖြစ်ခဲ့ပါတယ်။  မိဘများကွယ်လွန်ပြီးနောက် သူဋ္ဌေးအရိုက်အရာကို ဆက်ခံရပါတယ်။ မိဘအမွေအနှစ်အဖြစ် စီးစိမ်ဥစ္စာ ကုဋေ (၄၀) ချမ်းသာကြွယ်ဝပါသတဲ့။ ဘုရားလောင်း၌ တစ်ဦးတည်းသော သားလေး ရှိပါတယ်။ ဘုရားလောင်းသူဋ္ဌေးဟာ ဒါနပြု၊ သီလဆောက်တည်၊ ကြီးသူတို့ကို ရိုသေခြင်း စသောကေင်းမှုမျိုးစုံပြုလျက် သက်တမ်းစေ့သဖြင့် သေဆုံးကာ နတ်ပြည်၌ သိကြားမင်းကြီးဖြစ်သွားတယ်တဲ့။

ဖခင်သူဋ္ဌေးကွယ်လွန်သွားသောအခါ တစ်ဦးတည်းသော သူဋ္ဌေးသားသည် သူဋ္ဌေးရာထူးဆက်ခံကာ သူဋ္ဌေးဖြစ်ချိန်မှစ၍ သူ့အိမ်ရှေ့ လမ်းမကြီးကိုပိတ်လျက် မဏ္ဍပ်ကြီးဆောက်လုပ်ပြီး ပရိသတ် အခြံအရံများစွာ ဖိတ်ကြားလျက် သေရည်အရက်သောက်ပွဲကြီးကျင်းပပါတယ်။ အရက်သောက်ပွဲတွင် ဖျော်ဖြေရေးအဖွဲ့မျိုးစုံလာရောက် ဖျော်ဖြေကြလျက်ရှိရာ သူသဘောကျသည့်သူကို အသဖြာ ဒင်္ဂါးပြား (၁၀၀၀)စီဆုချလေ့ရှိတယ်။ ဂျွမ်းဘားသမားကို သဘောကျလျှင် (၁၀၀၀)၊ အဆိုတော်ကိုသဘောကျလျှင်လည်း (၁၀၀၀)၊ အကသဘောကျလျှင်လည်း (၁၀၀၀)၊ အပြေးသမားသဘောကျလျှင်လည်း (၁၀၀၀) စသည်ဖြင့် ဆုချလိုက်ပြီဆိုလျှင် (၁၀၀၀)အောက်မလျော့ဘူး။ ယနေ့ခေတ် ဘားဆိုင်တွေမှာ ဆုချသလိုမျိုးပင် ဖြစ်မှာပါ။

 

ဒီလိုနဲ့ အလိုလို သဋ္ဌေးဖြစ်လာခဲ့ခြင်းကြောင့် ငွေရှာရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ မသိဘဲ ငွေကို တွင်းထဲကထွက်နေသလိုမျိုး ထင်မြင်နေတော့တာပေါ့။ ဘယ်လိုသုံးသုံး ကုန်သွားလိမ့်မယ်လို့တောင် မစဉ်းစားနိုင်တဲ့အထိ အသိဉာဏ်က အားနည်းနေပြီလေ။ ငွေက အလိုလိုတိုးပွားနေတယ်ထင်ပြီး သုံးချင်တိုင်းသုံး၊ ဖြုန်းချင်တိုင်းဖြုန်း။ ငွေဆိုတာ သုံးတော့သုံးရမယ်၊ မဖြုန်းရဘူး။ ပြီးတော့ ဆုံးလည်း မဆုံးစေရဘူး။ ရှုံးလည်း မရှုံးစေရဘူး။ မဖြုန်းမိအောင် သတိထားရမယ်၊ မဆုံးရှုံးအောင် ဂရုစိုက်ရမယ်လေ။ ပွားများအောင် တိုးပွားအောင် အလုပ်လုပ်ရမယ်။ ကာယအားသုံး၍ဖြစ်စေ ဉာဏအားသုံး၍ဖြစ်စေ ငွေပွားအောင် လုပ်ယူရတယ်။ ကာယအားချည်းအားကိုးပြီး စီးပွားရှာရင် ပင်ပန်းတယ်၊ အမြတ်နဲတယ်။ ဉာဏအားအခြေခံထားပြီး ကာယအားနဲ့ စီးပွားရှာရင် အကျိုးအမြတ်ပိုများတယ်။ မသေချာ မရေရာတဲ့ စီးပွားရေးကို မလုပ်ဘဲ သေချာရေရာတဲ့ စီးပွားရေးကိုသာ ရှုဒေါင့်စုံက ရှုမြင်သုံးသပ်ပြီး ခိုင်မာတဲ့ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား ချမှတ်ပြီး လုပ်ကိုင်မယ်ဆိုရင် ဒီသူဋ္ဌေးမှာ အရင်းအနှီးလည်း ရှိပြီးသား၊ ကာယအားလည်း ရှိပြီးသား၊ အကြံကောင်းဉာဏ်ကောင်းသာလိုအပ်နေတာ။ ဒါလေးဖြည့်စွက်ပြီး စီးပွားရေးကို တစိုက်မတ်မတ်လုပ်ကိုင်သွားမယ်ဆိုရင် မိဘဘိုးဘွားတို့ထက်ပင် ပိုချမ်းသာတဲ့ သူဋ္ဌေးတစ်ဦးဖြစ်ရမှာ။

 

အခုတော့ အသောက်အစား အပျော်အပါးကိုသာ စိတ်ဝင်စားပြီး သူများတွေထက် လက်ဖွာဖွာလေး သုံးစွဲ ပေးကျွေးနေရတာနဲ့ သာယာနေတာ။ အရက်ကလဲ မသောက်ရမနေနိုင်တော့ဘူး။ အကောင်းကလဲ မစားရ မနေနိုင်တော့ဘူး။ ကိုယ့်အိမ်မှာ ချက်စားရတဲ့ အစားအစာလောက် စိတ်ချရတာ ဘယ်ဟာမှမရှိဘူးဆိုတာ မသိတော့ ဆိုင်တွေမှာ လှည့်လည်စားသောက်ရတာမှ လူစင်မီတယ် ထင်လာတာ။ ဟိုမှာ ဘယ်လိုတွေလှီး ဘယ်လိုတွေ ထား၊ ဘယ်လိုတွေချက်ပြုတ်၊ ဘာတွေထည့်ချက်ထားမှန်းမသိတဲ့ ဆိုင်ဟင်းကိုမှ မစားရ မျိုမကျတော့ဘူးတဲ့။ ကိုယ့်အိမ်မှာ ချက်စားရင် လွန်ရော ကျွန်ရော (၁၀၀၀၀) ကျပ်လောက် ကုန်မယ့်အရေး ဆိုင်သွားစားလိုက်တဲ့အခါကျတော့ လေးငါးသောင်းပေးလိုက်ရတာလေ။ ဒါကိုမှ အဟုတ်ထင်နေတာတဲ့။ ဘယ်ဆိုင်အသစ်ဖွင့်သတဲ့ဆို သူတို့က ဦးပြီးသား။ ဘယ်ဆိုင်က ဒင်းဆမ်းကောင်းသတဲ့ဆိုလည်း သွားဝိုက်ပြီးသားပဲ။ ဒါတင်မကဘဲ မိန်းမလိုက်စားမှုလည်း ၀ါသနာပါတော့ ပျော်တော်ဆက်ဂေဟာတွေမှာ သူ့ခြေရာချည်းထပ်နေတယ်ဆိုပဲ။ ဒါအပြင် ဘယ်မှာတီးဝိုင်းရှိသတဲ့ဆို သူက သူ့အဖော်တစ်သိုက်နဲ့ ရောက်ပြီးသား။ ပေးနိုင်ကျွေးနိုင်တော့ အခြွေအရံကလည်း များမှများ။ ခြွေလို့ရံနေတဲ့ အခြွေအရံတွေနဲ့ နောက်လိုက်တွေနဲ့ဆိုတော့ ဟိုနားအုပ်အုပ်ကျက်ကျက် ဒီနားအုပ်အုပ်ကျက်ကျက်ဆို သူတို့အဖွဲ့က ရှေ့ကပဲ။ ဘယ်မှာဇာတ်ပွဲရှိသတဲ့ဆို သူတို့အဖွဲ့က ရှေ့က။ သြော် သူ့ခမျာ အသုံးထက် အဖြုန်းပိုနေတာကို သူမသိရှာဘူးလေ။ ငွေဆိုတာ ကိုယ်ကရိုသေမှ သူကလည်း ကိုယ့်ကို ရိုသေတာ။ မရိုသေရင် သူက ကိုယ့်ကို ခြေကန်ပြီးထွက်တတ်တာပဲ။ သူချမ်းသာတာတွေက အသုံးမချတတ်တော့ သူ့အတွက် အပါယ်စာတွေချည်း ဖြစ်ကုန်တယ်။ ချမ်းသာတဲ့ ပိုင်ဆိုင်မှုတွေကို အသုံးသာချတတ်မယ်ဆိုရင် လူ့ပြည် နတ်ပြည် ဗြဟ္မာ့ပြည်ရောက်ကြောင်းဆိုလည်း ဟုတ်တယ်။ နိဗ္ဗာန်ရောက်ကြောင်းဆိုလည်း ဟုတ်တယ်။ အခုတော့ သူ့ခမျာ အသုံးမချတတ်တာနဲ့ပဲ ကိုယ့်ရှိတဲ့ငွေကြေးနဲ့ အပါယ်လမ်း ငရဲလမ်းခင်းလိုက်သလိုဖြစ်ကုန်တော့တာပေါ့။ တကယ်တော့ ကိုယ်ရှာဖွေထားတဲ့ ငွေကြေးက ယခုဘ၀ ချမ်းသာဖို့၊ နောက်ဘ၀အတွက် သုဂတိလမ်းဖောက်ဖို့၊ နိဗ္ဗာန်လမ်းဖောက်ဖို့ အဓိကထားလိုက်နိုင်ရင် ဖြုန်းရာလည်းမရောက်ဘူး၊ ရှုံးရာလည်းမရောက်ဘူး၊ အပါယ် ဆင်းရဲဒုက္ခမှ လွတ်မြောက်အောင် ရုန်းရာသာ ရောက်တော့တယ်လေ။ သူဋ္ဌေးလေးမှာတော့ ရုံးချက်မပါ ဖြုန်းချက်သာပါလို့ ရှုံးချက်နာလိုက်တဲ့ဖြစ်ခြင်းပါပဲ။ မိဘဘိုးဘွားတွေ စုဆောင်းထားခဲ့လို့ ချမ်းသာလာတဲ့ ကုဋေ (၄၀)လည်း ကုန်၊ အတွင်းပစ္စည်း အပြင်ပစ္စည်းတွေလည်းကုန်၊ နောက်ဆုံးတော့ ကိုယ်နေတဲ့ အိမ်ကိုတောင် ရောင်းစားလိုက်ရတဲ့ဘ၀။မီးဟာ အသုံးချတတ်တော့ မိတ်ဆွေ အသုံးမချတတ်တော့ ရန်သူဖြစ်သလို၊ အစားအစာဆိုတာဟာလည်း စားတတ်တော့ဆေး၊ မစားတတ်တော့ ဘေးဖြစ်သလို ငွေကြေးဓနစီးစိမ်ဥစ္စာဆိုတာဟာလည်း သုံးတတ်တော့ မိတ်ဆွေ၊ မသုံးတတ်တော့ ရန်သူဖြစ်ရတယ်။ နေစရာမရှိတော့ ခွက်လက်စွဲကာ တောင်းရမ်းစားသောက်ပြီး သူတစ်ပါးအိမ်နံရံမှာ မှီခိုနေရရှာတော့တယ်။

 

သိကြားမင်းကြီးက ကောင်းကင်ကနေ ငါ့သားလေး ဘယ်လိုများနေရှာပါလိမ့်မလဲလို့ ဆင်ခြင်ကြည့်လိုက်တော့ လုံးလုံးလျားလျား အရက်သမားဖြစ်နေတာ တွေ့လိုက်ရပြီး ဆင်းရဲဒုက္ခတွေ ခံစားနေရတာ မြင်မကောင်းလို့ ဣစ္ဆာသယအိုးလေးတစ်လုံး ယူလာပြီး ´ဒီအိုးလေးကို ယူထား။ ဒီအိုးလေးက ဘာမဆို လိုတာ တ ယူလို့ရတယ်။ ဒီအိုးရှိရင် ငါ့သား မဆင်းရဲဘူး။ ဒီအိုးလေး မကွဲစေနဲ့`လို့ အသေအချာ မှာပြီး ပေးခဲ့တယ်။ လိုတာ တ လို့ရတယ်ဆိုတော့ သူကြိုက်တဲ့ အရက်ကိုသာ တ ပြီး သောက်နေလိုက်တာ။ အရက်နဲ့ ပါးစပ် ပြတ်တယ်ဆိုတာကို မရှိတော့ဘူး။ ဒီအိုးလေးကြောင့် သူ့ဘ၀လဲ အနည်းငယ် ပြောင်းလဲလာတယ်၊ ပြောင်မြောက် တောက်ပြောင်လာတယ်။ အိုးလေးကိုင်ပြီး တ လိုက်ရင် သူလိုချင်တာ အကုန်ရနေတာ။ များသောအားဖြင့် တ လိုက်တိုင်း သူကြိုက်တဲ့ အရက်ချည်းပဲ။ အရက်ကိုသာ တောင့်တပြီး သောက်နေရင်း တစ်နေ့တော့ အသောက်လွန်ပြီး မူးမော်ပျော်ပါးလို့ ဣစ္ဆာသယအိုးလေးကို မိုးပေါ်မြှောက်ပြီး လက်နဲ့ ပြန်အဖမ်းမှာ မူးနေတော့ မိအောင်မဖမ်းနိုင်ဘဲ မြေကြီးပေါ် ကျပြီး ကွဲသွားရှာလေတယ်။ သြော်- လူမစွမ်းပြီဆိုမှဖြင့် နတ်လည်း မမနိုင်၊ သိကြားမင်းကြီးကိုယ်တိုင်ပင် မမနိုင်ပါလား။ ဒီလိုနဲ့ အိုးလေးလဲ ကွဲရော။ ထုံးစံအတိုင်း ပြန်တောင်းစားရတဲ့ သူတောင်းစားဘ၀ ပြန်ရောက်သွားပြီး တောင်းရင်း ရမ်းရင်းနဲ့ပဲ ငတ်တလှည့် ပြတ်တလှည့်ဖြင့် ဘ၀နိဂုံးချုပ်သွားရရှာလေသတဲ့။

ဒီဇာတ်တော်က လက်ရှိဘ၀ကနေ လက်မဲ့ဘ၀သို့ ရောက်သွားရခြင်းရဲ့ အကြောင်းတွေကို မီးမောင်းထိုးပြလိုက်တာပါပဲ။ အပျော်အပါး အသောက်အစား အသုံးအဖြုန်းကြီးသူတိုင်း ဘယ်လောက်ချမ်းသာတဲ့ဘ၀ရောက်နေနေ ဆင်းရဲတဲ့ဘ၀သို့ ရောက်ရမည်ကို သင်္ခန်းစာပေးနေပါတယ်။ အသိပညာ အတတ်ပညာ အမြော်အမြင်ကင်းမဲ့မှုရဲ့ ဆိုးကျိုးတွေဆိုရင်လည်း မလွဲပါဘူး။ မဟာဓနသူဋ္ဌေးသားပုံပြင်နှင့် ဆင်တူယိုးမှား ဖြစ်စဉ်ကိုထင်ဟပ်စေပြီး ဖခင်သိကြားမင်းက ကယ်တင်လို့တောင်မှ မရနိုင်တဲ့ဘ၀၊ လူမစွမ်းလို့ နတ်မသော်လည်း မိုးနတ်သိကြားလက်လျှော့ရတဲ့ဘ၀မို့ အသိပညာနိမ့်ကျပြီဆိုလျှင် ဘယ်လောက်များပြားတဲ့စည်းစိမ်ဖြစ်စေ အကုန်မြန် အမြန်ကုန်မည်သာဖြစ်ကြောင်းကို သင်္ခန်းစာပေးတဲ့ ဇာတ်တော်ပါပဲ။

(သူရာဃဋဇာတ်)

ဒေါက်တာ အရှင်ပါရမီ

Leave a Reply