ဓမ္မဓဇဇာတ်တော်

0

ရှေးယခင်က ဗာရာဏသီပြည် ယသပါဏိမင်းကြီး စိုးစံတော်မူနေတဲ့အချိန် ဘုရားလောင်းက ဓမ္မဓဇအမည်ရှိတဲ့ ပုရောဟိတ်ကြီးဖြစ်ပြီး ဆတ္တပါဏိက ဆတ္တာသည်၊ စစ်သူကြီးက ကာဠကအမည်ရှိသတဲ့။

ကာဠကစစ်သူကြီးက တရားစီရင်ဆုံးဖြတ်ရာ၌ တာဝန်ယူလျက် လာဘ်ပေးလာဘ်ယူလုပ်ကာ များများပေးနိုင်သူကို အနိုင်၊ မပေးနိုင်သူကို မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ ရှုံးအောင် ဆုံးဖြတ်ပေးပါတယ်။ အမှန်တရားပျောက်၊ ငွေနောက်လိုက်ကာ မမှန်သူတွေ ကောင်းစား အမှားတွေ မှန်နေတဲ့ ခေတ်ဆိုးကြီး ကြုံနေရတဲ့အခါ ကောက်ကျစ်စဉ်းလဲသူတို့ ခေါင်းထောင်ပလွှား ၀ါကြွားနိုင်ကြပြီး အမှန်တရား မြတ်နိုးသူတို့ ခေါင်းငုံ့ အရှုံးပေးနေကြရရှာတယ်။ ဥပဒေလက်တစ်လုံးကြားလုပ်ပြီး ညစ်တဲ့သူနိုင်စေ၊ မှန်သူတွေ ရှုံးစေဆုံးဖြတ်ချက်တွေချည်း နေ့စဉ်ချမှတ်နေလေရာ တရားရုံးတော်က အထွက် စောင့်ကြည့်လိုက်လျှင် မှန်လျက်နဲ့ တရားရှုံးသွားကြလို့ မျက်ရည်စက်လက် ငိုထွက်လာကြတဲ့ သူတွေအများကြီးတွေ့နေရတယ်။ လူညစ်တို့အုပ်စုကတော့ ပြုံးလို့ ပျော်လို့ မော်လို့ ကြွားလို့။ မကောင်းတဲ့သူတွေ အာဏာရနေချိန်မှာ ပေါင်းစားသူတွေ ကောင်းစားနေတာ သဘာဝပါပဲ။ ဘယ်အလုပ်ဆိုက်ကို လိုချင်သလဲ၊ တစ်ကောင်ကျွေးလို့ ရလျှင် ကျွေး၊ နှစ်ကောင်ကျွေးမှရလျှင် ကျွေးပြီး ကင်းဝင်ရေး ဘေးကမြှောင်လိုက်နေသူတွေက အဆင်သင့်။ ရာထူးတက်ချင်လဲ ပေးလိုက်၊ ကျွေးလိုက်တာနဲ့ လုပ်သက်ရင့်တွေထက် ကျော်တက်သွားတာ။ ကိုယ်လိုချင်တာကို အာဏာရှိသူထံ ပေးပြီး အရယူချင်တိုင်း ရနေသဖြင့် ငွေထုပ်ပိုက်ပြီး အချောင်လိုက်ဖို့စောင့်နေသူတွေအတွက် ပညာမဲ့လူတန်းစားအစိုးရမျိုး၊ တိုင်းချစ်ပြည်ချစ်စိတ်မရှိတဲ့အစိုးရမျိုး သက်ဆိုးရှည်လေ ကောင်းလေပေါ့။ ဥပဒေဆိုတာ စာအုပ်ထဲကမှတ်တမ်း၊ အရေးကြုံလာတော့ ငွေပုံပေးတဲ့ဘက်က အလေးသာပေးလိုက်တာ။ မှန်တဲ့သူက မှားတဲ့သူကိုတောင်မှ တောင်းပန်လိုက်ရသေးတယ်တဲ့။ အဲဒီခေတ်က အဖြစ်သနစ်က အမြင်ကတ်ပုဒ်မကို အဓိကထားတာလေ။ အမြင်ကတ်ရင် သေဒဏ်လည်းပေးချင်ပေးလိုက်တာပဲ၊ နှစ်ရှည်ထောင်ဒဏ်တွေ ဘာတွေပေါ့လေ။ လူ့သက်တမ်းထက်ကျော်လွန်အောင် ထောင်ဒဏ်အထိ အမြင်ကတ်ရင် ဥပဒေပုဒ်မ မျိုးစုံတပ်ပြီး ဆုံးဖြတ်ချက်ချမှတ်သတဲ့။

တရားရုံးက ထွက်လာတဲ့ အမြတ်ကြီးစားတွေက ပြုံးပျော်မော်ကြွားနေကြပြီး အမှန်သမား လူတော်လူကောင်းတွေမှာတော့ မျက်ရည်နဲ့ မျက်ခွက်၊ ထွက်လာကြရင်း ဓမ္မဓဇပုရောဟိတ်ကြီးကို တွေ့တော့ `အရှင်တို့လို ကျိုးကြောင်းသိမြင် ပညာရှင်တွေ ရှိပါလျက် ကာဠကစစ်သူကြီးလာဘ်စားနေတာကို မထိန်းချုပ်နိုင်တော့ဘူးလား၊ လာဘ်ပေးလာဘ်ယူတွေ မနှိမ်နင်းနိုင်တော့ဘူးလား။ ခုတော့ ပိုင်ရှင်တွေက တရားရှုံး၊ လုယူသူတွေက တရားနိုင်နဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာ၊ တရားဆိုတာကရော ရှိသေးလား` ငိုယိုတိုင်တမ်းကြတဲ့အခါ ဒါဆို ငါကိုယ်တိုင် ပြန်လည်ဆုံးဖြတ်ပေးမယ်ဟုဆိုကာ အမှုမှန်အတိုင်း ပြန်လည်ဆုံးဖြတ်ပေးလိုက်ပါသတဲ့။ ဒီနေ့ကစပြီး ပြည်သူတွေရဲ့ တောင်းဆိုချက်အရ တရားရေးမှာ ကာဠကစစ်သူကြီးအား ကိုင်ခွင့်မပေးတော့ဘဲ ဓမ္မဓဇပုရောဟိတ်ကြီးက သူကိုယ်တိုင်ကိုင်တွယ်ဆုံးဖြတ်ပေးရတော့တယ်။ ကာဠကစစ်သူကြီးက သူ့အိပ်ထဲ ပိုက်ဆန်မ၀င်တော့ဘူး။ လာဘ်စားခွင့်တွေ ပြုတ်ကျသွားတော့ ဒေါသဖြစ် ပုရောဟိတ်ကြီးအပေါ် ရန်ငြိုးထားကာ ဘုရင့်ထံ မဟုတ်မမှန် အကောက်ကြံပြီး ဂုံးတိုက်တဲ့အလုပ်ကို စတင်လုပ်ပါတော့တယ်။

`မင်းကြီး၊ ဓမ္မဓဇပုရောဟိတ်ကြီးက ဘုရင်ဖြစ်ချင်စိတ်ပေါက်နေတာ´ဟု သံတော်ဦးတင်လေရာ ဘုရင်က မဖြစ်နိုင်ကြောင်း တစ်ချက်တော့ ငြင်းဆိုလိုက်သေးတယ်။ `မင်းကြီးမယုံရင် ပုရောဟိတ်ကြီး အလာ စောင့်ကြည့်လိုက်ပါ´ဟု ဆိုသဖြင့် မင်းကြီးက ပြူတင်းကနေ လှမ်းကြည့်လိုက်ရာ ပုရောဟိတ်ကြီးအား ပရိသတ်များစွာက ၀ိုင်းအုံနေကြတာကို မြင်လိုက်သဖြင့် ဘုရင်ကြီးလည်း စစ်သူကြီးစကားကို လက်ခံယုံကြည်သွားလေတော့တယ်။ တကယ်တော့ စစ်သူကြီး ကပျောင်းကပြန်ဆုံးဖြတ်ထားခဲ့တဲ့ အမှုတွေအတွက် လာရောက်တိုင်ကြား၊ အမှန်အမှား ဖြေရှင်းဆုံးဖြတ်ရန် တွေ့ဆုံကြသူတွေချည်းသာဖြစ်ပါတယ်။ လူစုလူဝေးနဲ့ စည်းရုံးနေတာမျိုးမဟုတ်ပါဘူး။ မမှန်မကန်အုပ်ချုပ်နေတဲ့သူတွေက လူနည်းနည်း စုလိုက်လျှင်ကိုပဲ သူတို့အတင်း ပြောနေတယ်ထင်နေတော့တာလေ။

`စစ်သူကြီး၊ ဒီပုရောဟိတ်ကြီးကို ဘယ်လိုလုပ်ရင်ကောင်းမလဲ။ သူတော့ လူစုနေပြီ။´ `မင်းကြီး သတ်ပစ်သင့်ပါကြောင်းဘုရား။´

`အပြစ်တစ်စုံတစ်ရာ မထင်ရှားဘဲ ဘယ်လိုလုပ်သတ်ရမလဲ။´ `မင်းကြီး- ဥပါယ်တံမျဉ်ဖြင့်သတ်ရင် အလွယ်လေး သတ်လို့ ရကြောင်းပါဘုရား။´

`ဘယ်လို ဥပါယ်သုံးမလဲ။´ `သူမလုပ်နိုင်တာကိုခိုင်း၊ မလုပ်နိုင်ရင်သတ်လိုက်ပါ။´

ဟုတ်ပြီ။ ဒါဆို ဒီအကြံကောင်းတယ်ဆိုပြီး ပုရောဟိတ်ကြီးကို ဆင့်ခေါ်လိုက်တယ်။ `ပုရောဟိတ်ကြီး၊ နက်ဖြန် ငါကိုယ်တော်မြတ် ဥယျာဉ်ကစားလိုတယ်။ ဥယျာဉ်တစ်ခု နက်ဖြန်အပြီး တည်ဆောက်ပါ။ နက်ဖြန် မပြီးရင် ပုရောဟိတ်ကြီး အသက်မရှိတော့ဘူးလို့သာ မှတ်ပေတော့၊ အမိန့်တော်။´ ဟု အမိန့်ထုတ်လိုက်တယ်။ ပုရောဟိတ်ကြီးက ပညာရှိ၊ ကာဠကလက်ချက်ဆိုတာ သိနေပြီ။ သက်ဦးဆံပိုင် ဘုရင့်အမိန့်ဆိုတော့လည်း လွန်ဆန်လို့က မရတော့ပေ။ သူတို့က အခုပြီးဆို ပြီးအောင်လုပ်ပေးမှ။ ကောင်းတာ မကောင်းတာ အပထား။ ဒါ မမြင်ချင်ဘူးဆိုရင်လည်း ချက်ချင်း ဖယ်ပေးရသလို ဒီနား ဒါမျိုးလေးတွေ မြင်ချင်တယ်ဆိုရင်လည်း ချက်ချင်း ဆောင်ရွက်ပေးရတာ။ အရှေ့လှည့်မကြိုက်ဘူးဆိုလည်း ချက်ချင်းပဲ အရှေ့ဘက်ကပိတ် အနောက်ဘက်က အပေါက်ဖောက်ပေးရတာလေ။ ဒါကြောင့် အာဏာရှင်တွေလက်ထက်မှာ ဘာလုပ်လိုက်လုပ်လိုက် ဘယ်ဟာမှ ကောင်းကောင်းဖြစ်မလာခဲ့ဘူး။ ဖြစ်ကတတ်ဆန်းချည်းပဲ။ အဆင့်အတန်းတို့ စံချိန်စံညွှန်းတို့ဆိုတာတွေကို သူတို့ စိတ်မ၀င်စားဘူး။ တန်ခိုးလိုလို ပါဝါလိုလို သူတို့ရဲ့ အလိုလိုက်နေတာမျိုးပဲ ကြိုက်တော့ ဘေးကလည်း အကြိုက်ပဲ လိုက်လုပ်ပေးနေကြတော့တာပေါ့။ ခု လတ်တလော ကြည့်လိုက်ရင်တော့ ဟုတ်နေတာပဲ။ ပြီးတော့ ဒုံရင်းပြန်ရောက်တာ။ ဒီလိုနဲ့ ဘယ်ဟာမှ အဆင့်မမီတာတွေစုပေါင်းလုပ်ဆောင်နေကြပြီး တိုးတက်လာတယ်လို့ လှည့်ဖျားနေကြတာ တိုင်းပြည်နာတာပေါ့။ ကိုယ့်တိုင်းပြည်ကထွက်လိုက်တာနဲ့ နတ်ပြည်ရောက်သွားသလားထင်ရလောက်အောင် တိုးတက်နေတာတွေ တွေ့နေရလေ ကိုယ့်တိုင်းပြည် နောက်ကောက်ကျနေတာ ပိုသိလေဖြစ်နေရော။ ခုလဲကြည့်၊ ချက်ချင်း ဥယျာဉ်လုပ်ရမယ်ဆိုတော့ ကရိန်းကလည်း အလုံအလောက်မရှိ။ ကျွမ်းကျင်အလုပ်သမားကလည်း ရှား။ သစ်ကြီးဝါးကြီးတွေကတော့ တောထဲသွားတူးရင် ရပါရဲ့။ ဘာနဲ့သယ်ယူမလဲ။ ရှိစေတော့။ `အစွမ်းရှိသလောက် ကြိုးစားပါ့မယ် မင်းကြီး´လို့ပဲ သံတော်ဦးတင်ပြီး အိမ်ပြန် ကောင်းကောင်းမွန်မွန်စားသောက်ပြီး အကြံထုတ်ရင်း အိပ်လိုက်တယ်။ သိကြားမင်း ကျောက်ဖျာပူလာပြီ။ ဆင်ခြင်ကြည့်လိုက်တော့ ဘုရားလောင်း ဓမ္မဓဇပုရောဟိတ်ကြီးရဲ့ စိတ်အကြံသိလိုက်ပြီ။ ဆင်းလာပြီး ပုရောဟိတ်ကြီးထံလာ၊ ဘာတွေကြံနေလဲဟုမေးပြီး ငါသိကြားဖြစ်ကြောင်း ပွင့်လင်းစွာ ပြောလိုက်တယ်။ ပန်းခြံကို နေ့ချင်းပြီး တည်ဆောက်ဖို့အတွက် ၀န်လေးနေကြောင်း ပြောလိုက်ရာ `အဲဒီအတွက် ဘာမှမပူနဲ့။ နန္ဒ၀န်ဥယျာဉ် စိတ္တလတာဥယျာဉ်တို့လို ဖန်ဆင်းပေးမယ်။ နေရာသာပြော။´ `ဘုရင်မွေး နေ့ချင်းကြီး´ဆိုတဲ့အတိုင်း ချက်ချင်း ဥယျာဉ်ကြီး ပြီးသွားလိုက်တာ။ နောက်နေ့ `မင်းကြီး၊ ဥယျာဉ်ကစားတော်မူနိုင်ပါပြီ´ဟု သံတော်ဦးတင်လိုက်တယ်။

`စစ်သူကြီး၊ ဘာလုပ်ရရင် ကောင်းမလဲ။´ `ဥယျာဉ်ထဲမှာ ရတနာ(၇)ပါးစီခြယ်ထားတဲ့ ရေကန်ကြီး အတူးခိုင်းလိုက်။´ `ပုရောဟိတ်ကြီး၊ ဥယျာဉ်နဲ့လိုက်ဖက်အောင် ရတနာ(၇)ပါး စီခြယ်ထားတဲ့ ရေကန်ကြီးတူးပေးပါ။ နက်ဖြန်မပြီးရင် သင်အသက်မရှိတော့ဘူးဟုမှတ်။´ `ကြိုးစားပါ့မယ် မင်းကြီး။´ ကြောက်လို့သာ ၀န်ခံလိုက်ရတာ၊ တကယ်တော့ ရေကန်တစ်ကန်တူးဖို့ဆိုတာ ဘူဒိုဇာမရှိဘာမရှိနဲ့ လွယ်တဲ့ကိစ္စမှမဟုတ်တာ။ ပြီးတော့ ရတနာကလည်း စီပေးရဦးမတဲ့။ ကိုယ်သုံးဖို့ ရတနာတောင်မှ အနိုင်နိုင်။ ရေကန်ကြီး စီဖို့ဆိုတာ ဘယ်မှာ လွယ်ပါ့မလဲ။ ဒါပေမယ့် သိကြားမင်းက တာဝတိံသာနတ်ပြည်က နန္ဒာရေကန်ကြီးနှင့် အလားတူ ဖန်ဆင်းပေးလိုက်တာ ချက်ချင်းပြီးသွားတယ်။ နောက်နေ့ မင်းကြီးထံ အပ်တော့ မင်းကြီးက `စစ်သူကြီး၊ ဘာလုပ်ရရင် ကောင်းမလဲ။´ `ဥယျာဉ်နှင့်လိုက်ဖက်သော ပြာသာဒ်ကြီးတစ်ဆောင် အဆောက်ခိုင်းလိုက်ပါ။´ `ပုရောဟိတ်ကြီး၊ ဥယျာဉ်နှင့်လိုက်ဖက်တဲ့ ဆင်စွယ်ပြာသာဒ်ကြီးတစ်ဆောင် အမြန်ဆောက်စေ၊ နက်ဖြန်မပြီးရင်တော့ ပုရောဟိတ်ကြီး အသက်မရှိတော့ဘူး။´ `ကြိုးစားပါ့မယ် မင်းကြီး။´ သိကြားမင်းကပဲ ဖန်ဆင်းပေးလိုက်ပါတယ်။ ထို့နောက် ဘာလုပ်ရရင် ကောင်းမလဲဆိုပြန်တော့ ပြာသာဒ်ကြီးနှင့်လိုက်ဖက်တဲ့ ပတ္တမြားကို အထားခိုင်းတယ်။ ဘုရင်ဆိုတာ ဒီလိုပဲ။ သူက ကျောက်စိမ်းလိုချင်တယ်ဆိုရင်လဲ ယူပေးရတယ်။ သူက ပတ္တမြားလိုချင်တယ်ဆိုရင်လည်း ယူပေးရတယ်။ မယူပေးရင် မင်းချင်းတွေကို အယူခိုင်းတယ်။ အယူခိုင်းလို့ အဆင်မပြေရင် ဓားပြအတိုက်ခိုင်းပြီးမှ ယူတယ်။ ဒါက အာဏာရှင်တွေရဲ့ မင်းမဲ့စရိုက်တွေပေါ့။ သူတို့က အုပ်ချုပ် သူတို့ပဲ ဓားပြလုပ်နေတော့ အမှုမှန်ကို ဘယ်တရားသူကြီးက ဖော်ထုတ်ရဲတော့မလဲ။ ဒီလိုနဲ့ပဲ ပလပ်ပေးလိုက်ရတဲ့အမှုတွေက အများကြီး။ ခုလဲ ပိုက်ဆန်တော့ မပေးဘူး။ ခိုင်းလိုက်တာက နဲတာမှမဟုတ်တာ။ ပတ္တမြားဆိုတာ လွယ်လွယ်နဲ့ ရတာမျိုးမှမဟုတ်ဘဲ။ ကံကောင်းလို့ သိကြားမင်းကပဲ ဖန်ဆင်းပေးလိုက်တာကြောင့် သက်သာရာ ရခဲ့တယ်။

`စစ်သူကြီး၊ ဘာလုပ်ရရင် ကောင်းမလဲ။´ `သူအလိုရှိတိုင်း ဖန်ဆင်းပေးနေတဲ့ နတ်ရှိနေတယ်။ နတ်မဖန်ဆင်းနိုင်တာကိုခိုင်းသင့်ကြောင်းပါ။´ `နတ်မဖန်ဆင်းနိုင်တာက ဘာတွေလဲ။´ `အင်္ဂါ (၄)ပါးနဲ့ ပြည့်စုံတဲ့ ဥယျာဉ်စောင့်ကို အရှာခိုင်းလိုက်ပါဘုရား။´ မင်းကြီးလည်း ကိုယ်ပိုင်ဦးနှောက်က မရှိလေတော့ ခိုင်းတဲ့အတိုင်း လိုက်လုပ်နေတော့တာပဲ။ ဒါကြောင့် လောကမှာ ကျားတွေ ခြင်္သေ့တွေ ကြောက်စရာကောင်းတယ်ဆိုတာထက် အသိဉာဏ်မရှိသူက ပိုပြီး ကြောက်စရာကောင်းတယ်။ အသိဉာဏ်မဲ့သူဟာ တိရိစ္ဆာန်ကိုလည်း ဒုက္ခပေးနိုင်တယ်၊ လူကိုလည်း ဒုက္ခပေးနိုင်တယ်။ အသိဉာဏ်မဲ့လေ ဒုက္ခပိုပေးနိုင်လေ။ အသိပညာမရှိသူ ရာထူးမြင့်လေ တိုင်းပြည် ပိုနစ်နာလေ။ ပညာမဲ့တွေ ရာထူးအာဏာကောင်းကောင်းရလေ တိုင်းပြည်ပိုမို အောက်တန်းကျလေသာဖြစ်တယ်။

ပုရောဟိတ်ကြီး ဒီတစ်ခါ အားကိုးရာမဲ့သွားပြီ။ သိကြားမင်းကလည်း သူဖန်ဆင်းနိုင်သမျှ အစွမ်းကုန်ဖန်ဆင်းပြီး ကူညီပေးခဲ့ပြီ။ အင်္ဂါ (၄)ပါးနဲ့ ပြည့်စုံတဲ့ ဥယျာဉ်မှူးကိုတော့ သူလဲ တတ်နိုင်မှာ မဟုတ်ဘူးလို့ တွေးပြီး မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် တောထဲထွက်လာခဲ့တယ်။ သစ်ပင်ရင်း၌ ထိုင်ပြီး လောကဓံနှိပ်စက်သော် မတုန်လှုပ်ခြင်းသဘောကို ဆင်ခြင်နေရင်း သိကြားမင်းက တောလိုက်မုဆိုးအသွင်ဖြင့် လာတွေ့ပြီး ဘာလို့ ဒီမှာလာနေတာလဲဟု မေးသဖြင့် သူတော်ကောင်းတွေရဲ့ လောကဓံခံနိုင်စွမ်းရည်ကို ဆင်ခြင်နေတာ။ အခု အင်္ဂါ (၄)ပါးပြည့်စုံတဲ့ ဥယျာဉ်မှူးမရှာနိုင်ရင် သေရမည်ဆိုသဖြင့် သူတစ်ပါးလက်၌ သေမည့်အစား တောထဲ၌ အစာရေစာအငတ်ခံသေတာက မြတ်သေးတယ်ဆိုပြီး တောထွက်လာတာဟု ပြောပြလိုက်တယ်။ ထိုအခါ သိကြားမင်းက ငါဥယျာဉ် စသည် ဖန်ဆင်းပေးပြီးပြီ။ ဥယျာဉ်မှူးကိုတော့ မဖန်ဆင်းနိုင်တော့ဘူး။ ဒါပေမယ့် လမ်းတော့ ညွှန်ပေးလိုက်မယ်။ ဆတ္တပါဏိ ဆတ္တာသည်သည် အင်္ဂါ(၄)ပါးနဲ့ ပြည့်စုံတယ်လို့ ပြောလိုက်ပါတယ်။

နန်းတွင်းပြန်၊ ဆတ္တပါဏိထံချဉ်းကပ်၊ အကြောင်းစုံမေး၊ သိကြားပြောပြလို့သိတယ်ဆိုသဖြင့် ဆတ္တပါဏိလည်း ၀န်ခံလိုက်ပါတယ်။ ပြီးတော့ ဆတ္တပါဏိကို ဘုရင့်ထံအပ်နှံလိုက်ပါတယ်။ အင်္ဂါ(၄)ပါးနဲ့ ပြည့်စုံတယ်ဆို ပြောစမ်း၊ ဘာတွေလဲဟု မင်းကြီးမေးသဖြင့်

၁။ ကျွန်ုပ်သည် ငြူစူခြင်းမရှိ။

၂။ ကျွန်ုပ်သည် အရက်သောက်ခြင်းမရှိ။

၃။ ကျွန်ုပ်သည် ချစ်ခြင်းလည်းမရှိ။

၎။ ကျွန်ုပ်သည် မုန်းခြင်းလည်းမရှိ။ ဒီအင်္ဂါ(၄)ပါးဖြစ်ကြောင်းပါမင်းကြီးဟု သံတော်ဦးတင်သဖြင့် မင်းကြီးက ဆက်လက်၍ ဘာကြောင့် ငြူစူခြင်းမရှိရသလဲဟု မေးမြန်းလေရာ

ကျွန်ုပ်ဘုရင်ဖြစ်ခဲ့တဲ့ဘ၀တစ်ခုက မိဖုရားကြီးရဲ့ မြှူဆွယ်မှုကို လက်မခံသဖြင့် မိဖုရားကြီးကိုယ်တိုင်က ဂုံးတိုက်ပြောဆိုလာသောကြောင့် ကိလေသာဖြင့် ငြူစူပြီး ကျေးဇူးရှင်ဘုရားလောင်းကို နှောင်ဖွဲ့မိခဲ့ဘူးတယ်။ နောက်ပိုင်း အဖြစ်မှန်သိသဖြင့် အရဟတ္တဖိုလ်မရမချင်း ကိလေသာကြောင့် ငြူစူခြင်း မဖြစ်ပါရစေနဲ့ဟု အဓိဋ္ဌာန်ခဲ့ပါတယ်။ အဲဒီဘ၀ကစပြီး ယခုဘ၀အထိ ငြူစူခြင်းမရှိခဲ့ပါဟု ဖြေလိုက်တယ်။

ဘာကြောင့် အရက်မသောက်တာလဲဟုမေးပြန်သဖြင့်

ကျွန်ုပ် ဗာရာဏသီမင်းဖြစ်ခဲ့စဉ်က အရက်လည်းစွဲ အမဲသားလည်းကြိုက် မသောက်ရမနေနိုင် မစားရမနေနိုင်အောင်ဖြစ်ခဲ့တယ်။ ဥပုသ်နေ့ အသက်သတ်ခွင့်ပိတ်ထားလေရာ ဥပုသ်နေ့အတွက် အမဲသားကို အဖိတ်နေ့က ကြိုဝယ်ထားရတယ်။ အဲဒီအမဲသားကို လုံခြုံအောင်မထားသဖြင့် ခွေးတစ်ကောင်က စားသွားလေရာ ဥပုသ်နေ့မှာ ပွဲတော်တည်စရာ အမဲသားမရှိ။ စားတော်ချက်က မိဖုရားကြီးနှင့်တိုင်ပင်ရာ မင်းကြီးက သားတော်လေးအား အလွန်ချစ်တယ်၊ သားတော်လေးပေးထားချိန် သားတော်လေးနဲ့ ပျော်နေတဲ့အချိန် ပွဲတော်ကိုယူခဲ့။ ဒါဆို သူ အမဲဟင်းကို မေ့နေမှာပါဟု အကြံပေးသဖြင့် ပြောသည့်အတိုင်းလုပ်ရာ မင်းကြီးလည်း သားတော်လေးကို ပွေ့ဖက်နမ်းရှုပ်နေစဉ် ပွဲတော်ရောက်လာသဖြင့် ဘယ်မလဲ အမဲသားဟုမေးလေတော့၏။ အကြောင်းစုံ လျှောက်တင်လိုက်သောအခါ မင်းကြီးသည် အမူးလွန်လို့ အလွန်မူးနေခိုက်အမဲသားက ဒါလောက်ရှားရသလားဟုဆိုကာ သားတော်လေးအား လည်ကို လိမ်ချိုးပြီး ရော့ ဒါအမဲသားပဲ။ သွား မြန်မြန်ချက်ခဲ့ဟု စေလိုက်သဖြင့် ချက်ချင်း ချက်ပေးလိုက်ရာ မင်းကြီး အားရပါးရ စားလေတော့၏။ နောက်နေ့ နံနက်လင်းချိန်တွင် သားတော်လေးကို မေးတော့မှ မိဖုရားကြီးက ငိုယိုပြီး လျှောက်တင်သဖြင့် သောကမီး အကြီးအကျယ်လောင်ကျွမ်းခံရကာ ငါ ဒီသေရည်အရက်ကြောင့် ခုလိုဖြစ်ရတာပဲဆိုပြီး ဒီနေ့ကစပြီး အရဟတ္တဖိုလ်မရောက်မချင်း အရက်မသောက်တော့ဟု အဓိဋ္ဌာန်ခဲ့တယ်။ ဒါကြောင့် မသောက်တော့တာဟု ဆို၏။

ဘာကြောင့် ချစ်ခြင်းမရှိသလဲဟု မေးသဖြင့်

ကျွန်ုပ်သည် ဗာရာဏသီပြည် ကိတ၀ါမင်းဖြစ်ခဲ့စဉ်က သားတော်လေးဟာ ပစ္စေကဗုဒ္ဓါရဲ့ သပိတ်ကို ခွဲပြီး သေဆုံးသွားခဲ့တယ်။ အဲဒီသားတော်ရဲ့ သေဆုံးခြင်း၊ သေပြီးနောက်ဘ၀အတွက် စိုးရိမ်သောက အလွန်ရောက်ခဲ့ရတယ်။ ဒီသောကဟာ အချစ်ကြောင့် ရောက်ရတဲ့သောကပဲ။ ဒါကြောင့် ဒီလို သောကကိုဖြစ်စေတဲ့ အချစ်မျိုးကို အရဟတ္တဖိုလ်မပေါက်မချင်း မချစ်ပါရစေနဲ့တော့ ဟုအဓိဋ္ဌာန်ခဲ့တယ်။ အဲဒီအချိန်ကစပြီး သက်ရှိ သက်မဲ့ အားလုံးအပေါ်၌ အချစ်ဆိုတာ မရှိတော့ပါဘူး။

ဘာကြောင့် မုန်းခြင်းမရှိသလဲဟုမေးသဖြင့်

ကျွန်ုပ်သည် အရကမည်သော ရသေ့ဘ၀က မေတ္တာဈာန်ကို (၇)နှစ်ကြာအောင် ပွားမြားခဲ့ဘူးတယ်။ အဲဒီမေတ္တာဈာန်ကြောင့်ပဲ ကပ်(၇)ကပ်ကြာအောင် ဗြဟ္မာ့ပြည်၌နေခဲ့ရတယ်။ အဲဒါကြောင့်ပဲ မေတ္တာအားကောင်းနေသဖြင့် ဒေါသအားနဲကာ စိတ်ဆိုးခြင်း ပြစ်မှားခြင်း မုန်းခြင်း အလျဉ်းမရှိခဲ့ပါဘူးဟု သံတော်ဦးတင်လိုက်တယ်။

မင်းကြီးသည် အင်္ဂါ(၄)ပါးကို သဘောကျ၊ စစ်သူကြီးရဲ့ ကောက်ကျစ်စဉ်းလဲမှု၊ ဘုရားလောင်း ဓမ္မဓဇပုရောဟိတ်အား သေကြောင်းကြံစည်မှုတွေလည်း ပေါ်လွင်လာသဖြင့် နောက်က မှူးမတ်ဗိုလ်ပါအပေါင်းအား အရိပ်အကဲပြလိုက်လေရာ စစ်သူကြီး ကာဠကကို လက်နှစ်ဖက်မှ ဖမ်းချုပ်လျက် နန်းတော်ပေါ်မှ ဆွဲချကာ အောက်ရောက်လျှင် တွေ့ရာလက်နက်ဖြင့် ၀ိုင်းဝန်းရိုက်နှက် ပုတ်ခတ်ကြရင်း အဲဒီမှာပင် စစ်သူကြီး အသက်ထွက်သွားရရှာလေတယ်။ သူများမကောင်းကြံ ကိုယ့်ဘေးဒဏ်ထိဆိုတဲ့အတိုင်း သူတစ်ပါးအား အကြောင်းမဲ့ သေကြောင်းကြံစည်မှုတွေ အထမမြောက်ခင်မှာပဲ သူ့အတွက် ကံကြမ္မာငင်သွားရရှာလေတယ်။

ဒီဇာတ်တော်က မလိုမုန်းထား ဂုံးချောစကားကြောင့် လူတစ်ဘက်သား ထိခိုက်နစ်နာပုံ၊ သူတစ်ပါးအား ဒုက္ခပေးလျှင် ကိုယ့်အတွက် မကြာမတင်မှာပဲ ၀ဋ်ဆိုတာ ပြန်လည်လာတတ်ပုံ၊ အာဏာရှင် ဘုရင်တို့ရဲ့ မိုက်ရူးရဲ လုပ်တတ်ပုံ၊ ငြူစူခြင်းအပြစ်၊ အရက်အလွန်အကျွံသောက်ခြင်းအပြစ်၊ ချစ်ခြင်း မုန်းခြင်းတို့၏ အစွန်းနှစ်ဘက်တို့ကိုပါ ပေါ်လွင်ထင်ဟပ်ပြထားတဲ့ ဇာတ်တော်ဖြစ်ပါတယ်။

(ဓမ္မဓဇဇာတ်)

ဒေါက်တာအရှင်ပါရမီ

Leave a Reply