ဓနဉ္ဇာနိသုတ္တံ

0

 

ဒီသုတ္တန်ဟာ မဇ္ဈိမပဏ္ဏာသပါဠိ၊ ဗြာဟ္မဏ၀ဂ်မှာ ရှိပါတယ်။ သုတ္တန်ဇာတ်ကြောင်းကတော့ ရိုးရိုးလေးပါပဲ။ သို့သော်လည်း တန်ဖိုးရှိတဲ့ message တွေ အများကြီး ပါဝင်နေတာကို ဖတ်ကြည့်ရင် တွေ့ရပါလိမ့်မယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီး ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်တွင် သီတင်းသုံးတော်မူစဉ် အချိန်တစ်ချိန်က ဖြစ်ရပ်လေးတစ်ခုပါ။ အဲဒီတုန်းက အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ ရာဇဂြိုဟ်မြို့ရဲ့ တောင်ဘက်အရပ်မှာ သီတင်းသုံး ၀ါကပ်တော်မူနေပါတယ်။ တစ်နေ့ ၀ါကျွတ်တဲ့အချိန်မှာ ရာဇဂြိုဟ်က ရဟန်းတော်တစ်ပါးက ဒေသစာရီကြွချီရင်း အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးထံ ၀င်ရောက်ဖူးမြော်ပါတယ်။ ထိုအခါ အရှင်သာရိပုတ္တရာက ရောက်လာတဲ့ ရဟန်းတော်ကို သာကြောင်း မာကြောင်း မေးမြန်းပြီး `ဘုရားရှင်ကိုယ်တော်မြတ်ကြီးရော ခန့်ကျန်းသာလို့ မာပါရဲ့လားဘုရား၊ ရဟန်းသံဃာတော်တွေရော ခန့်ကျန်းသာလို့ မာပါရဲ့လားဘုရား´လို့ မေးတော်မူလို့ ရဟန်းတော်လေးကလည်း အားလုံး ခန့်ကျန်းသာ မာကြောင်း ပြန်လည်လျှောက်ထားပါတယ်။

ရာဇဂြိုဟ်မြို့ရဲ့ တံခါးပေါက်ကြီး (၃၂)ပေါက်၊ တံခါးပေါက်ငယ် (၆၄)ပေါက်ရှိရာ တံခါးပေါက်တစ်ပေါက်ရဲ့ အမည်က တဏ္ဍုလပါလိတံခါးလို့ အမည်ရပါတယ်။ တဏ္ဍုလ-ဆိုတာ ဆန်၊ ပါလိ-ဆိုတာ အစဉ်အတန်း။ ဆန်တွေ တန်းစီရောင်းချတဲ့နေရာ၊ ယနေ့ခေတ်လိုဆိုရင်တော့ ဆန်ပွဲရုံတန်းလိုမျိုးပေါ့။ အဲဒီမှာ နေထိုင်တဲ့ ပုဏ္ဏားကြီးတစ်ယောက်ရှိတယ်။ သူ့နာမည်က ဓနဉ္ဇာနီ-တဲ့။

`အဲဒီပုဏ္ဏားကြီးရော ခန့်ကျန်းသာလို့ မာပါရဲ့လား။´

`ကျန်းမာပါတယ်ဘုရား။´

ဒီနေရာမှာ အရှင်သာရိပုတ္တရာက ကျန်တဲ့သူတွေအကြောင်း မမေးဘဲ ဓနဉ္ဇာနီအကြောင်းကိုမှ ဘာကြောင့် မေးရသလဲဆိုရင် ဓနဉ္ဇာနီဟာ သူ့သူငယ်ချင်း ပုဏ္ဏားကြီး ဖြစ်လို့၊ ပြီးတော့ ဓနဉ္ဇာနီ အကြောင်းလည်း တစ်ပိုင်းတစ်စ ကြားထားပြီးဖြစ်လို့ မေးတာဖြစ်လောက်တယ်။

`သူဟာ ကောင်းကောင်းမွန်မွန်ရော နေရဲ့လားဘုရား။´

`ဘယ်မှာ ကောင်းကောင်းနေမလဲဘုရား။ ဘုရင်နဲ့ပေါင်းပြီးတော့ ပြည်သူတွေဆီက ခေါင်းပုံဖြတ်၊ ပြည်သူတွေအကြောင်းပြုပြီးတော့ ဘုရင့်ထံက အမြတ်စားနဲ့ လုပ်စားနေတာဘုရား။´

ဓနဉ္ဇာနီပုဏ္ဏားကြီးက ဘုရင်နဲ့ ရင်းနှီးတယ်။ အဲဒါကို အခွင့်ကောင်းယူပြီး ပြည်သူတွေထံက သူလိုချင်တာတွေကို ဘုရင့်အမိန့်သုံးပြီး မရ အရယူလေ့ရှိတယ်။ တောင်သူလယ်သမားတွေထံက ဆန် စပါးတွေကို ဘုရင်က အကောက်ခိုင်းလို့ဟုဆိုကာ လယ်သမားတွေ လယ်လုပ်စာ မစားရလောက်သည်အထိ ဆန် စပါးတွေကို လိုက်သိမ်းယူတယ်။ လယ်သမားတွေက `ဒီလို အများကြီး သိမ်းယူနေရင် ကျွန်တော်တို့ ဘာစားရတော့မလဲ´လို့ အော်သူအော်၊ ငိုသူငို၊ စိတ်တိုသူတိုကြတဲ့အခါ `အဲဒါ ငါမသိဘူး၊ ဒါ ဘုရင့်အမိန့်´ဟုဆိုကာ ခြောက်လုံး ဟန့်လုံးသုံးပြီး အနိုင်ကျင့်ယူလေ့ရှိတယ်။ ဘုရင်နဲ့ သိကျွမ်းပိုင်နိုင်သူဆိုတော့ ဘာပြောစရာလိုမလဲ။ တော်ရုံတန်ရုံ ညွှန်မှူးလောက် သိထားလျှင်တောင်မှ ကိုယ်လိုရာ လုပ်ယူလို့ ရနေကြသေးတာပဲ။ ကိုလိုရာ ရဖို့ ကိုယ်လုပ်ချင်တာ လုပ်နိုင်ဖို့ တန်ရာ သင့်ရာ ပေးလိုက် ကျွေးလိုက်ရင် ဘယ်အရာရှိမှ တရားဘက်က ကြာရှည် မရပ်တည်နိုင်တာ ပေးကြည့်ရင် တွေ့ရမှာပါ။ အဲဒါကို လာဘ်စားတယ်လို့ ပြောကြ၊ အကျင့်ပျက်ခြစားတယ်လို့ ပြောကြနဲ့။ စကားလုံးကတော့ ထိခိုက်ရှနာစရာ သိပ်ကောင်းတဲ့ စကားလုံးပါပဲ။ သို့သော် ဒီစကားလုံးနဲ့ သုံးနှုံးပြီး ပြောကြ ဆိုကြ ဝေဘန်ကြ ကဲ့ရဲ့ကြသော်လည်း လာဘ်စားသူက အပြုံးမှ မပျက်တော့တဲ့ခေတ်ဆိုတော့လဲ ခက်တော့ အခက်သား။ ဘယ်သူတွေ ဘယ်လိုပြောပြော၊ ဒို့က တိုက်ကောင်းကောင်းနဲ့ နေနိုင်တယ်၊ ကားကောင်းကောင်း စီးနိုင်တယ်၊ သူများတွေထက် ပိုသုံးနိုင်တယ်ဆိုတဲ့ ဟန်ရေးအပြတွေက ကောင်းလိုက်တဲ့ ခေတ်။ အများ မိုးခါးရေ သောက်နေတဲ့ခေတ်မှာ ကိုယ်က မိုးခါးရေ မသောက်ရင်လည်း အရူးလို့ အထင်ခံရရုံသာ ရှိတော့တယ်လေ။ ကိုယ်တစ်ယောက်ထည်း တရားနည်းလမ်းကျကျ လုပ်ပြနေရင်လည်း သက်ဆိုးက မရှည်ပေပဲကိုး။ ဒီတော့လည်း `အများညီ ဤ ကျွဲဖတ်´လိုက်ကြတော့တာပေါ့။ ယနေ့လိုပဲ ရှေးခေတ်ကတည်းက ဘက်လိုက်တဲ့ လာဘ်စားတဲ့ အနိုင်ကျင့်တတ်တဲ့ အကျင့်ဆိုးတွေ ရှိနေတာ။ အဲဒီအကျင့်ဆိုးတွေ ပပျောက်ဖို့ အတန်တန် ကြိုးစားနေကြပေမယ့် နိုင်ငံတော်တော်များများမှာ မအောင်မြင်ပါဘူး။ နိုင်ငံရေးPolicy အလွန်အင်မတန် အကိုင်အတွယ် ကောင်းတဲ့ နိုင်ငံတွေ၊ အသိပညာရှင် အတတ်ပညာရှင်တွေ ရှေ့တန်းတင် လုပ်ကိုင်ခွင့် ဖွင့်ပေးထားတဲ့နိုင်ငံတွေလောက်သာ လာဘ်စားမှုပပျောက်အောင် လုပ်နိုင်တာ။ မြန်မာပြည်နိုင်ငံရေး သမိုင်းနဲ့ ချီပြီးကြည့်လိုက်ရင် လာဘ်စားမှုပပျောက်တဲ့ခေတ်ဆိုတာ အစဉ်အလာကို မရှိခဲ့တာ။ ဒါကြောင့် မြန်မာပြည်အလိုကျဆိုရင် လာဘ်မစားရင်ကို မဖြစ်လို့ စားနေရတာ ထင်ရှားပါတယ်။ ကိုယ်က မစားချင်ပေမယ့် ပေးသူဘက်က ပေးတဲ့အကျင့် မပျောက်ဘူးလေ။ စားလို့ ပေး၊ ပေးလို့ စားနဲ့ `ပေးစား´ဆိုတာ ဖြစ်လာတာကိုး။

ဓနဉ္ဇာနီပုဏ္ဏားကြီးက ပြည်သူတွေထံကလည်း လာဘ်စား အမြတ်စား။ ဘုရင့်ထံ အခွန်ဘဏ္ဍာ ဆက်သပြန်တော့လည်း အနည်းငယ်လောက်သာ ဆက်သ။ ဘုရင်က `ဒီနှစ် စပါးတွေ နဲလှချည်လား´လို့ မေးလိုက်ရင် `ဒီနှစ် မိုးလေမမှန်လို့ လယ်များ စပါးမအောင်သဖြင့် ပြည်သူများ စပါး လုံလုံလောက်လောက် မရကြောင်းပါဘုရား´လို့ မဟုတ်မမှန် သံတော်ဦးတင်လေ့ရှိတယ်။ တကယ်တော့ ဆန် စပါး မထွက်တာမဟုတ်ဘူး။ ပြည်သူတွေဆီက မဟားတရား သိမ်းယူထားပြီးသား။ အဲဒီ စပါးတွေထဲက သုံးပုံတစ်ပုံလောက်ပဲ ဘုရင့်ထံ အပ်နှံလေ့ရှိတယ်။ ဒါကြောင့် ဒီပုဏ္ဏားကြီးက ပြည်သူဘက်ကလည်း စား၊ ဘုရင့်ဘက်ကလည်း စားနဲ့ နှစ်ဘက်စား၊ နှစ်ဘက်အသွားရှိတဲ့ လှံလိုပဲ။

ရဟန်းတော်လေးက ဆက်ပြောတယ်။ `ပုဏ္ဏားကြီးရဲ့ အရင်မိန်းမက သဒ္ဓါတရားရှိတယ်၊ အခု အဲဒီမယားက ဆုံးသွားရှာပြီဘုရား။ အဲဒီမယားလက်ထက်ကတော့ ခုလောက်မဆိုးဘူး။ အခု နောက်ယူလိုက်တဲ့ မယားက သဒ္ဓါတရား ခေါင်းပါးတယ်ဘုရား။´

အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးက ´ကြားရတာ မကောင်းလိုက်တာ´လို့ ညည်းငြူတော်မူပြီး တစ်နေ့နေ့တော့ ပုဏ္ဏားကြီးနဲ့ တွေ့ပြီး စကားတွေ ပြောချင်သေးတယ်တဲ့။

ရက်အတန်ကြာတော့ အရှင်သာရိပုတ္တရာမထေရ်မြတ်ကြီးဟာ ရာဇဂြိုဟ်သို့ ပြန်ကြွပြီး ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးတော်မူပါတယ်။ နောက်နေ့နံနက် သင်္ကန်းရုံ၊ သပိတ်လွယ်ပြီး မြို့တွင်းသို့ ဆွမ်းခံကြွ၊ ဆွမ်းဘုန်းပေးပြီး ဓနဉ္ဇာနီပုဏ္ဏားကြီး ရှိရာ နွားခြံသို့ ကြွတော်မူပါတယ်။

အဲဒီအချိန်မှာ ဓနဉ္ဇာနီပုဏ္ဏားကြီးက အိမ်မှာမရှိဘူး။ မြို့ပြင် နွားခြံထဲ နွားနို့ညှစ်သွားနေတာ။ အရှင်သာရိပုတ္တရာလည်း သူရှိရာလိုက်သွား၊ ပုဏ္ဏားကြီးက အဝေးကနေ လှမ်းမြင်လိုက်တာနဲ့ အရှင်သာရိပုတ္တရာမထေရ် သူ့ဆီကြွလာနေမှန်းသိတယ်။ နွားခြံအပြင်ဘက်ထွက် ကြိုဆိုပြီး `အရှင်ဘုရား၊ နွားနို့ လတ်လတ်ဆတ်တ်လေးဘုရား (fresh milk)။ ဘုန်းပေးတော်မူပါ´ဆိုပြီး ကပ်တယ်။ `ပုဏ္ဏားကြီး၊ ငါ ဆွမ်းကိစ္စပြီးခဲ့ပြီ။ နေ့လယ်လောက်မှာ ဟို မြို့အပြင်ဘက်က သစ်ပင်ကြီးတစ်ပင်ရှိတယ်။ အဲဒီသစ်ပင်အောက်မှာ ငါ သီတင်းသုံးနေမယ်။ ပုဏ္ဏားကြီး အဲဒီကို လာခဲ့´ လို့ မှာကြားပြီး ပြန်ကြွသွားတော်မူတယ်။

နေ့ပိုင်းရောက်တော့ ပုဏ္ဏားကြီး မထေရ်ထံသွား၊ သာကြောင်းမာကြောင်း အပြန်အလှန်မေးမြန်းကြပြီး အရှင်သာရိပုတ္တရာက စကားစလိုက်ပါတယ်။

`ပုဏ္ဏားကြီး၊ ကောင်းကောင်းနေပါရဲ့လား။´

အကုသိုလ်မဖြစ်အောင်၊ ကုသိုလ်ဖြစ်အောင်နေတာဟုတ်ရဲ့လားလို့ မေးလိုရင်းဖြစ်တယ်။

`အရှင်ဘုရား၊ ဘယ်လိုလုပ် ကောင်းကောင်းနေနိုင်ပါ့မလဲဘုရား။ တပည့်တော်တို့ လူသားတွေမှာ (၁) မိဘတွေကျွေးဖို့လဲ ငွေရှာရတယ်၊ (၂) သားသမီးတွေကျွေးဖို့၊ (၃) ကျွန် အလုပ်သမားတွေကျွေးဖို့၊ (၄) မိတ်ဆွေတွေ ကျွေးဖို့၊ (၅) ဆွေမျိုးတွေကျွေးဖို့၊ (၆) ဧည့်သည်တွေကျွေးဖို့၊ (၇) ဆွေဟောင်းမျိုးဟောင်းတွေအတွက် ရည်စူးကုသိုလ်ပြုဖို့၊ (၈) နတ်ပူဇော်ပသဖို့၊ (၉) ဘုရင့်ဘဏ္ဍာဆက်သဖို့၊ (၁၀) ကိုယ့်ကိုယ်ကို ၀တ်စားဆင်ယင်ဖို့ ရှာဖွေနေရတာဘုရား။´

`ပုဏ္ဏားကြီး စဉ်းစား။ မိဘကျွေးဖို့ဆိုပြီး မတရားနည်းနဲ့ စီးပွားရှာတယ်ဆိုပါစို့။ သေလို့ ငရဲထိန်းတွေက ဆွဲငင်ခေါ်ယူတဲ့အခါမှ `မိဘတွေအတွက် မတရားလုပ်ခဲ့ရတာပါ´လို့ ပြောလို့ရမလား၊ မိဘတွေကလည်း `ငါတို့အတွက် သူမတရားလုပ်ခဲ့တာပါ၊ ဒို့သားလေးကို မခေါ်ကြပါနဲ့´လို့ ပြောလို့ရမလားဆိုတာ စဉ်းစားပါ။ ဒီအတိုင်းပဲ အလားတူမေးခွန်းတွေကို စောစောကပြောခဲ့တဲ့ (၁၀)ချက်လုံး အကုန်မေးလိုက်တာ။ ပုဏ္ဏားကြီးဟာ `မရပါဘူးဘုရား´အဖြေမှတစ်ပါး ဖြေစရာမရှိရှာတော့ပေ။

`မယားစားဖို့ သားစားဖို့ဟု လောဘအလို လိုက်မပိုနှင့် ဤကိုယ်ပျက်ပြား ဂတိလားသော် မယားမပါ သားမပါဘူး။´ နောက်ဆုံးတော့ ကိုယ်ပြုတဲ့ကံ ဘယ်သူကမှ ကိုယ့်ကိုယ်စား လာခံပေးမှာမဟုတ်ဘူး။ ကိုယ်သာ ပြန်ခံရမှာပဲ။ ဒါကြောင့် ကိုယ့်အကြောင်းပြု၍ဖြစ်စေ၊ သူတစ်ပါးကို အကြောင်းပြု၍ဖြစ်စေ မကောင်းမှုတွေကို မပြုနဲ့၊ တရားမပျက်ပါစေနဲ့။ မသမာသောနည်းဖြင့်လည်း စီးပွါးတွေ မရှာပါနဲ့လို့ မထေရ်ကြီးက အသိပေး ဆုံးမတော်မူလိုက်ပါတယ်။ ဒါ့အပြင် ဆက်လက်၍ –

`ပုဏ္ဏားကြီး၊ မိဘအကြောင်းပြုပြီး မတရားစီးပွားရှာသူရယ်၊ မိဘအကြောင်းပြုပြီး တရားနည်းလမ်းကျကျ သမ္မာအာဇီဝကျကျစီးပွားရှာသူရယ် နှစ်ယောက်မှာ ဘယ်သူက ပိုမြတ်သလဲ။´

`သမ္မာအာဇီဝကျကျ စီးပွားရှာသူက မြတ်ပါတယ်ဘုရား။´ (၁၀)ချက်လုံးကို တစ်ချက်ချင်း မေးလိုက်ပြီး `ပုဏ္ဏားကြီး၊ သူတစ်ပါးအတွက် အကြောင်းပြုပြီး ကောင်းရာကောင်းကြောင်း သမ္မာအာဇီဝကျကျ စီးပွားရှာမယ်ဆိုရင်လည်း ရှာလို့ရပါတယ်။ မိဘတွေကျွေးမွေးဖို့ဆိုပြီး တရားသောနည်းဖြင့်သာ စီးပွားရှာမယ်ဆိုရင် (၁) မိဘတွေကိုလည်း ကျွေးလို့ရပါတယ်။ (၂) အကုသိုလ်လည်း မဖြစ်ဘူး။ (၃) ကုသိုလ်လည်းရတယ်´ တဲ့။ ထို့အတူ သားသမီးတွေကျွေးဖို့ စသည့်ရည်ရွယ်ချက်ဖြင့် စီးပွားရှာရာမှာ တရားနည်းလမ်းကျကျသာ စီးပွားရှာဖွေမယ်ဆိုရင် ကိုယ့်ရည်ရွယ်ချက်လည်း အောင်မြင်တယ်၊ အကုသိုလ်လည်း မဖြစ်ဘူး၊ ကုသိုလ်လည်းရတယ်ဆိုတာကို ဆက်လက်မိန့်တော်မူလိုက်တဲ့အခါမှာ ပုဏ္ဏားကြီးဟာ သူ့မိုက်ပြစ်တွေ အကုန်ပေါ်လွင်လာပြီး သူတော်ကောင်းတရားကို သဘောကျ၊ မထေရ်မြတ်ကြီးကို အရိုအသေပြုပြီး ပြန်သွားတော့တယ်။

အဲဒီကနောက် ပုဏ္ဏားကြီး အရင်လို မမိုက်တော့ဘူး။ အရင်က အချိုးတွေ အကုန်ပြင်လိုက်တာ၊ မဟုတ်တာဆို ဘာတစ်ခုမှ မလုပ်တော့ဘူး။ သူ မသိလို့ မိုက်ခဲ့တာမှန်သော်လည်း သိတဲ့အချိန်က စပြီး သူ့ကို ကောင်းအောင် လမ်းကြောင်းမှန်ပေါ်သို့ တည့်ပေးမည့်သူနဲ့တွေ့တော့ သူ့ဘ၀သူ အကောင်းဘက်ကို ရအောင် ပြင်ယူလိုက်တယ်။ ဒါဟာ သူ့အတွက်တော့ အလွန်အင်မတန်မှ ထိရောက်တဲ့ တရားတစ်ပုဒ်ပါပဲ။ သူ့ဘ၀ တစ်ဆစ်ချိုး ပြောင်းလဲသွားတာ။ မိုက်မဲရာမှ လိမ္မာယဉ်ကျေးသူတစ်ယောက်ဖြစ်လာတယ်။ သို့သော် အများစုက သူလိုလူ ရှားတယ်။ `အသိခေါက်ခက် အ၀င်နက်´ဆိုတဲ့အတိုင်း မသိတာတော့ မဟုတ်ဘူး။ သိလိုက်တာမှ အများကြီးသိ၊ အားကြီးသိ၊ အကုန်သိ။ သို့သော် ဘာတစ်ခုမှ မပြောင်းလဲ။ ကိုယ့်ဘ၀ကို အဆိုးမှ အကောင်းဘက် ပြောင်းလဲနိုင်စွမ်း မရှိရင်တော့ ထိရောက်မှု မရှိပါဘူး။ အခုတော့ ပုဏ္ဏားကြီးအတွက် အလွန်ကျေးဇူးများတဲ့ တရားတစ်ပုဒ်ပါပဲ။ သူပြုတဲ့ မကောင်းမှု ဘယ်သူကမှ သူ့ကိုယ်စား တာဝန်ယူမှာမဟုတ်ဘူး၊ သူကိုယ်တိုင်ပဲ တာဝန်ပြန်ယူရမယ်ဆိုတာ သူ ကောင်းကောင်းကြီး သဘောပေါက်သွားတယ်လေ။

ဒီလိုနဲ့ ကောင်းကောင်းမွန်မွန်နေထိုင်လုပ်ကိုင်စားသောက်နေရင်း အသက်ကြီးရောဂါနဲ့ နာမကျန်းဖြစ်နေတဲ့အချိန်မှာ `သူနေမကောင်းတဲ့အကြောင်း ဘုရားလည်းလျှောက်ပေးပါ။ အရှင်သာရိပုတ္တရာထံလည်း လျှောက်ပေးပါ။ ပြီးတော့ အရှင်သာရိပုတ္တရာကို သူ့ဆီ ကြွနိုင်ရင်လည်း ကြွပေးပါလို့ လျှောက်ထားချေ´ဆိုပြီး လူတစ်ယောက်ကို ဇေတ၀န်ကျောင်းတော်သို့ စေလွှတ်လိုက်တယ်။ ထိုသူ့ထံမှသတင်းရတဲ့အခါ အရှင်သာရိပုတ္တရာလည်း ကြွတော်မူလာပြီး ထုံးစံအတိုင်း ကျန်းမာရေးအကြောင်း မေးတော့ သူခံစားနေရတာတွေ မသက်သာကြောင်း၊ ပိုလို့သာဆိုးနေကြောင်း လျှောက်ထားနေချိန်မှာ အရှင်သာရိပုတ္တရာက အာရုံပြောင်းတဲ့အနေနဲ့ မေးခွန်းလေးတွေ မေးတော်မူပြီး စကား ပြောပါတယ်။

`ပုဏ္ဏားကြီး၊ ငရဲပြည်နဲ့ တိရစ္ဆာန်ပြည် ဘယ်ပြည်က ပိုမြတ်သလဲ။´

`တိရစ္ဆာန်ပြည်ကမြတ်တာပေါ့ဘုရား။´

`တိရစ္ဆာန်နဲ့ ပြိတ္တာရော။´

`ပြိတ္တာကသာတယ်ဘုရာ့။´ ဒီလိုနဲ့ ပြိတ္တာနဲ့လူ၊ လူနဲ့ စတုမဟာရာဇ်ကနေ ပရနိမ္မိတ၀သ၀တ္တိအထိ မေးလိုက်တာ တစ်ဆင့်ချင်း အထက်ဘုံကချည်း မြတ်တယ်ဆိုတာ သူဖြေရှာတယ်။ `ပရနိမ္မိတ၀သိဝတ္တိနဲ့ ဗြဟ္မာ့ပြည်ကော ဘယ်ပြည်က မြတ်လဲ။´ `အရှင်ဘုရား၊ ဗြဟ္မာလို့ ပြောလိုက်သလားဘုရား။´ အံ့သြစွာဖြင့် ထပ်ကာထပ်ကာ မေးနေတော့ အရှင်သာရိပုတ္တရာက ပုဏ္ဏားကြီး ဗြဟ္မာဖြစ်ချင်နေပြီဟု စဉ်းစားမိကာ ဗြဟ္မာဖြစ်ကြောင်းတရား၊ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ တရားလေးပါးကို အရပ်(၁၀)မျက်နှာသို့ ဖြန့်ကျက်ပွားနည်းတွေ သင်ပေးလိုက်တယ်။ ပုဏ္ဏားကြီး ပွားတတ်လာတော့ သူ့ဝေဒနာတွေ အာရုံမပြုမိတော့ဘဲ မေတ္တာကမ္မဋ္ဌာန်းနဲ့ နေနေခိုက် အနာအကျင်တွေသက်သာလို့ ညည်းသံတွေ ငြိမ်သက်သွားချိန်မှာ မထေရ်လည်း ပြန်ကြွတော့မယ်ဆိုပြီး ပုဏ္ဏားကြီးကို နှုတ်ဆက်တာပေါ့။ ပုဏ္ဏားကြီးက `တပည့်တော် နာမကျန်းဖြစ်နေတာကို ဘုရားရှင်အားလည်း လျှောက်ထားပေးပါ´လို့ မှာလိုက်တယ်။ `လျှောက်ပေးမယ်´ဟု ၀န်ခံပြီး မထေရ်လည်း ပြန်ကြွတော်မူလာခဲ့ပါတယ်။ မထေရ်ပြန်ကြွလို့ မကြာမီမှာပဲ ပုဏ္ဏားကြီး ကွယ်လွန်သွားပါတော့တယ်။

အရှင်သာရိပုတ္တရာ ကျောင်းသို့ ပြန်မရောက်မီလေးမှာပဲ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ရဟန်းတော်တို့ကို `ရဟန်းတို့၊ သာရိပုတ္တရာတော့ ဓနဉ္ဇာနီပုဏ္ဏားကြီးကို အထက်တန်းတရား၊ သစ္စာတရားတွေ ဟောသင့်ပါလျက် ဗြဟ္မာဖြစ်ကြောင်းတရားလောက်ပဲ ဟောခဲ့တယ်´လို့ မိန့်တော်မူလိုက်ပါတယ်။ ဘုရားမိန့်တော်မူလို့ မကြာမီမှာပဲ အရှင်သာရိပုတ္တရာလည်း ကျောင်းသို့ပြန်ရောက်တော်မူလာပြီး `ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား၊ ဓနဉ္ဇာနီပုဏ္ဏားကြီးက သူ ကျန်းမာရေးမကောင်းတာကို ဘုရားရှင်အားလျှောက်ထားဖို့ မှာလိုက်တယ်ဘုရား`လို့ လျှောက်ထားစဉ် ဘုရားရှင်က `အထက်တရားတွေ၊ သစ္စာတရားတွေ ဟောသင့်ပါလျက် ဘာလို့ ဗြဟ္မာဖြစ်ကြောင်းလောက်သာဟောခဲ့ရတာလဲ´လို့ အပြစ်တင်လိုတဲ့ အသံတော်နဲ့ မိန့်တော်မူလိုက်ပါတယ်။ `ပုဏ္ဏားကြီးဟာ ဗြဟ္မာဖြစ်ချင်နေတယ် ထင်လို့ ဟောခဲ့တာပါဘုရား´ တဲ့။ ဒီတော့မှ ဘုရားရှင်က `ဓနဉ္ဇာနီ ဆုံးသွားပြီ၊ သူ အခု ဗြဟ္မာ့ပြည် ရောက်နေပြီ´ လို့ မိန့်တော်မူလိုက်ပါတယ်။

အရှင်သာရိပုတ္တရာဟာ တကယ်တော့ ပညာအရာမှာ ဘုရားအောက် တစ်ယောက်သာရှိပါတယ်။ ဒီလောက်တော်တဲ့ မထေရ်တောင်မှ ဝေနေယျဇ္ဈာသယကို သိတဲ့နေရာမှာတော့ ဘုရားဉာဏ်ကို မမီပါဘူး။ ပုဏ္ဏားကြီးကို သစ္စာဟောရင် နိဗ္ဗာန်ရောက်မယ်ဆိုတာ သူမသိနိုင်တဲ့အတွက် ဗြဟ္မာဖြစ်ကြောင်းလောက်ဟောလာခဲ့တာ။ ဒီတော့ ဘုရားက အပြစ်တင်လိုက်တာကို သူ သဘောပေါက်သွားတယ်။ ချက်ချင်းပဲ ဗြဟ္မာ့ပြည်တက်ပြီး ဓနဉ္ဇာနီဗြဟ္မာကြီးကို သစ္စာတရားတွေ လိုက်ဟောရှာတယ်။ ဒါပေမယ့် ဘ၀တဏှာသစ်ငုတ်က ဟိုမှာ ချည်ပြီး တုတ်ပြီးဖြစ်နေပြီ။ သစ္စာမထိုးဖောက်နိုင်တော့ဘူး။ ဒီကစပြီး အရှင်သာရိပုတ္တရာမထေရ်မြတ်ဟာ တရားဟောတိုင်း သစ္စာမဆိုက်ဘဲ ဘယ်တော့မှ မဟောတော့ဘူးတဲ့။

မည်သို့ရှိစေ၊ မထေရ်မြတ်ရဲ့ ကျေးဇူးတွေကတော့ ပုဏ္ဏားကြီးအပေါ်မှာ အနန္တပါပဲ။ အရှင်သာရိပုတ္တရာသာ မကယ်ရင် ပုဏ္ဏားကြီး လေးပါးပါယ်ရွာ ရွာလည်နေရော့မည်သာ။ ယခုတော့မူ မထေရ်မြတ်ရဲ့ ကျေးဇူးရိပ် ခိုမိသည်ကြောင့် ငြိမ်းချမ်းအေးမြတဲ့ ဗြဟ္မာ့ပြေမှာ ငြိမ်းချမ်းစွာ။

ဒေါက်တာအရှင်ပါရမီ

Leave a Reply