ဣန္ဒြိယဘာဝနာသုတ်

0

ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဂဇင်္ဂလနိဂုံး သုဝေဠုတော၌ သီတင်းသုံးနေတော်မူစဉ်က ပါယာသိဝိယပုဏ္ဏားကြီး၏ တပည့် ဥတ္တရလုလင်သည် ဘုရားရှင်ထံ လာရောက်ဖူးတွေ့တယ်။ ဘုရားရှင်က သင့်ဆရာပါယာသိက ဣနြေ္ဒတွေလုံအောင်ထိန်းနည်းတွေ ဟောပါသလားလို့မေးတယ်။ မေးတော့ “ဟောပါတယ်ဘုရား”။ “ဘယ်လိုများဟောလဲ”။ “မှန်လှပါ၊ မျက်စိက ဘာမှမမြင်အောင် ပိတ်ထား၊ နားက ဘာမှမကြားအောင် ပိတ်ထား၊ ဒါဆို ဣနြေ္ဒလုံခြုံတာပဲ”လို့ ဟောပါတယ်ဘုရားတဲ့။

ဒီတော့ ဘုရားရှင်က “ဥတ္တရ၊ မင်းဆရာကြီးဟောသလိုဆိုရင် အမိဝမ်းတွင်းက မျက်စိကန်းလာတဲ့သူတွေ၊ နားပင်းလာတဲ့သူတွေ ဣနြေ္ဒလုံခြုံသောကြောင့် နိဗ္ဗာန်မဂ်ဖိုလ် ရောက်ကြမှာပေါ့”ဟု မိန့်တော်မူလိုက်ရာ ဥတ္တရလည်း ခေါင်းငိုက်စိုက်ကျကာ ဘာမှ ပြန်မပြောနိုင်ဖြစ်နေပါသတဲ့။

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အရှင်အာနန္ဒာကိုခေါ်တော်မူပြီး ရဟန်းတွေကို အစုခိုင်းကာ တရားသဘင်ကိုစတင်လိုက်ပါတယ်။ ဣနြေ္ဒလုံခြုံအောင်စောင့်စည်းရာမှာ ပါယာသိနည်းကတစ်နည်း၊ အရိယာတို့ရဲ့နည်းက တစ်နည်းဟုမိန့်တော်မူလိုက်ရာ အရှင်အာနန္ဒာက အရိယာတို့ရဲ့ ဣနြေ္ဒလုံခြုံအောင် စောင့်နည်းကို မိန့်တော်မူပါလို့ တောင်းပန်သဖြင့် ဘုရားရှင်ဟောကြားတော်မူလိုက်ပါတယ်။

ဥပမာ- ခင်မင်သူ၊ မုန်းသူ၊ အလယ်အလတ်လူဟု လူသုံးယောက်ထားပါစို့။ ခင်မင်သူနဲ့တွေ့တော့ လောဘလာတယ်။ မုန်းသူနဲ့တွေ့တော့ ဒေါသလာတယ်၊ မခင်မမုန်းနဲ့တွေ့တော့ မောဟလာတယ်။ မျက်လုံးဖွင့်တဲ့အတွက် ပထမပုဂ္ဂိုလ်မှာ လောဘ၊ ဒုတိယပုဂ္ဂိုလ်မှာ ဒေါသ၊ တတိယပုဂ္ဂိုလ်မှာ မောဟလာတယ်။ ဒါမျက်လုံးဖွင့်ထားလို့ရှိယင် ပုထုဇဉ်ပုဂ္ဂိုလ်မှာ လာမှာပဲ။ မလာပါနဲ့ပြောလို့ မရဘူး။ ကောင်းတဲ့အာရုံတွေ့တော့ လောဘ၊ မကောင်းတဲ့အာရုံတွေ့တော့ ဒေါသ၊ ကောင်းမကောင်းအာရုံတွေ့တော့ မောဟ။ ဒီလိုဖြစ်လို့ ဣနြေ္ဒတွေလုံခြုံအောင် ဘယ်လိုလုပ်မလဲဆိုရင် သူတို့ကို မကြည့်နဲ့၊ ကိုယ့်ဝမ်းထဲပေါ်တဲ့သုံးခုကိုကြည့်တဲ့။ ဒီလောဘ ဒေါသ မောဟတွေဟာ အလိုလိုဖြစ်တာမဟုတ်ဘူး၊ ကြည့်မိလို့ဖြစ်တာ။ ကြည့်ခြင်းက အကြောင်း၊ ဖြစ်တာက အကျိုး။ အကြောင်းအကျိုးဖြစ်လို့ ပဋိစ္စသမုပ္ပန္နတရားဆိုလည်း ဟုတ်တယ်။ ပြုပြင်လို့ပေါ်လာတဲ့တရားဖြစ်လို့ သင်္ခတတရားဆိုလည်း ဟုတ်တယ်။ ကိုယ့်သန္တာန်မှာ ပေါ်တဲ့တရားကို ကိုယ်သိနေလို့ သြဠာရိက- ကြမ်းတမ်းတဲ့တရားဆိုလည်း ဟုတ်တယ်။

ဒါဖြင့် လောဘပေါ်လာလဲ သင်္ခတတရားလေးပဲလို့ ရှု၊ သင်္ခတတရားလေး မရှိတော့ဘူး၊ ဖြစ်ပြီး ပျက်သွားတယ်လို့ သိလိုက်တာပေါ့။ ဒေါသလာလဲ ဖြစ်ပြီး ပျက်၊ မရှိတဲ့တရားပဲ။ မောဟလာလဲ ဖြစ်ပြီးပျက်၊ မရှိတဲ့တရားပဲ။ ဒါဖြင့် ဖြစ်ပြီးပျက်တဲ့ မရှိတဲ့တရားချင်းတူနေတယ်။ ရှုတဲ့ဝိပဿနာမဂ်က မြင်နေတာ။ လောဘကြည့်လဲ မရှိတာပဲ၊ ဒေါသကြည့်လဲ မရှိတာပဲ၊ မောဟကြည့်လဲ မရှိတာပဲ။ မရှိတာတွေ့တော့ “သဗ္ဗေသင်္ခါရာ အနိစ္စာ”ဆိုတဲ့အတိုင်း သင်္ခါရတရားတွေ ပျောက်ပျောက်သွားတယ်။ ဒါသည် ၀ိပဿနာဉာဏ်ပါပဲ။ လောဘလို့ မသိ၊ ဖြစ်ပျက်လို့သိ၊ ဒေါသလို့မသိ၊ ဖြစ်ပျက်လို့သိ၊ မောဟလို့မသိ၊ ဖြစ်ပျက်လို့သိ။ အဲလို လောဘ ဒေါသ မောဟအမည်တွေပျောက်ပြီး မရှိတာချည်းတစ်တန်းတည်းတွေ့၊ ဖြစ်ပျက်ချည်း တစ်တန်းတည်းတွေ့နေလို့ သူ့ကို ၀ိပဿနုပေက္ခာဉာဏ်လို့ခေါ်တယ်။ ဒီလို တစ်တန်းတည်း ထားရှုနိုင်တဲ့အတွက် တဏှာပစ္စယာ ဥပါဒါန်လည်း မလိုက်နိုင်တော့။ ဒေါသနောက်က သောက ပရိဒေ၀ စသည်လည်း မလိုက်နိုင်တော့။ မောဟရှုလိုက်တော့ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာလည်း မလိုက်နိုင်တော့။ တစ်တန်းတည်းထားပြီး ရှုတဲ့မဂ်၏သတ္တိကြောင့် ပဋိစ္စသမုပ္ပါဒ်ပြတ်ထွက်သွားတယ်။

ဖြစ်ပျက်ကို တစ်တန်းတည်းထားပြီး ရှုနိုင်တဲ့ဉာဏ်ဟာ အားကိုးရမယ့်ဉာဏ်ပဲ။ လောဘရှုလည်း ဖြစ်ပျက်၊ ဒေါသရှုလည်း ဖြစ်ပျက်၊ မောဟရှုလည်း ဖြစ်ပျက်၊ လောဘ ဒေါသ မောဟတရားတွေ မတွေ့တော့ဘဲ သူတို့ရဲ့ ဖြစ်ပျက်သာ တစ်တန်းတည်းတွေ့နေရလို့ အဲဒီဉာဏ်ကို ၀ိပဿနုပေက္ခာဉာဏ်။ ဒီဉာဏ်က တစ်တန်းတည်းမြင်တဲ့ဉာဏ်။

မျက်လုံးဖွင့်ထားလို့ကတော့ မိတ်ဆွေနဲ့တွေ့တော့ လောဘ၊ ရန်သူနဲ့တွေ့တော့ ဒေါသ၊ သူစိမ်းနဲ့တွေ့တော့ မောဟ။ လာမှာပဲ။ ဒါဖြင့် လာတဲ့လောဘ ဖြစ်ပျက်ရှု၊ ဒေါသ မောဟလာလည်း ဖြစ်ပျက်ရှု။ “ဟုတွာ အဘာဝတ္ထေန အနိစ္စံ” ဖြစ်ပြီးပျက်လို့ အနိစ္စချည်းတွေ့ရတယ်။ ဒါဖြင့် ဒီလို တစ်တန်းတည်းထားပြီး ရှုနေနိုင်ရင် ဣနြေ္ဒလုံခြုံပါပြီ။ ဟိုဘက် ပဋိစ္စသမုပ္ပါဒ်မဆက်တော့ဘူး။ ဒါ တစ်တန်းတည်းထားရှုနိုင်တဲ့ ၀ိပဿနုပေက္ခာဉာဏ်၏ သတ္တိ။ ဒီဉာဏ်ရင့်သန်ရင် သင်္ခါရုပေက္ခာဉာဏ်တက်လာရောပဲ။ ဒီကနေ တစ်ဆက်တည်းဆိုသလိုပင် မဂ်ဉာဏ်တန်းတက်ဖို့သာ ရှိတော့တယ်။ တန်းတက်တာနဲ့ သောတာပန်တည်တော့တာ။ ဒီရှုနည်းဟာ ဣနြေ္ဒလည်းလုံတယ်၊ ရှုရတာလည်း လွယ်တယ်၊ သောတာပန်လည်း တည်နိုင်တယ်။ ကျင့်သားရသွားရင်တော့ မျက်လုံးအဖွင့်အပိတ်လုပ်တာက ခက်သေးတယ်တဲ့။

ဝိပဿနုပေက္ခာဉာဏ်ရင့်သန်ရင် သင်္ခါရုပေက္ခာဉာဏ်တက်တယ်။ သင်္ခါရုပေက္ခာဉာဏ်ရင့်သန်ရင် မဂ်ဉာဏ်တက်တယ်။ ဒီသုံးဆင့်နဲ့တက်တာ။ တစ်ဉာဏ်၊ နှစ်ဉာဏ်နဲ့သေရင် ဒုတိယဘ၀၊ သုံးဉာဏ်နဲ့သေရင် တတိယဘ၀ သောတာပန်တည်တယ်။ အပါယ်လေးပါး တံခါးပိတ်တယ်။ ဒါဖြင့် အားကိုးရမှာက ဖြစ်ပျက်မြင်တဲ့ဉဏ်၊ ဖြစ်ပျက်မုန်းတဲ့ဉာဏ်၊ ဖြစ်ပျက်ဆုံးတဲ့ဉာဏ်။ ဒါ အကောင်းဆုံး အားကိုးရာပဲ။ ဒီလိုအားကိုးရှိနေတဲ့သူဟာ သောခါနီမှာတောင် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တည်နိုင်တယ်။ ၀ိပဿနာမဂ်ဖြစ်လို့ရှိရင် နတ်ပြည်ပို့တယ်၊ လောကုတ္တရာမဂ်ဖြစ်လို့ရှိရင် နိဗ္ဗာန်ပို့တယ်။ ဘာမှအားငယ်နေစရာမရှိဘူး။ တစ်တန်းတည်းမြင်နေတဲ့ဉာဏ်ကိုသာ အားထုတ်နေဖို့လိုတယ်။ အဲလို မျက်စိပေါက်ကပေါ်လို့ လောဘဖြစ်စေ ဒေါသဖြစ်စေ မောဟဖြစ်စေ ဖြစ်လာရင် ရှု၊ ထို့အတူ နား နှာ လျှာ ကိုယ် စိတ်တို့က ပေါ်လာတာတွေလည်း ဖြစ်ပျက်သာ တစ်တန်းတည်း ထားပြီး ရှုနိုင်ရင် ဣနြေ္ဒလုံခြုံတယ်။ ကိုယ့်အတွက် အားကိုးရာအစစ်လည်း ပေါ်လာတယ်။ အဲဒါ ၀ိပဿနုပေက္ခာဉာဏ်ပါပဲ။ ဒီဉာဏ်ရင်လာရင် သင်္ခါရုပေက္ခာဉာဏ်တက်၊ ဒီကနေ ရင့်သန်တော့ မဂ်ဉာဏ်တက်လိုက်တာနဲ့ လိုရင်းဆိုက်တော့တာပေါ့။ ၀ဋ်ကျွတ်ပြီး နိဗ္ဗာန်မြင်တဲ့ဉာဏ်ရတာနဲ့ အပါယ်ခန္ဓာဇာတ်သိမ်းသွားတော့တာပါပဲ။

(မူလပဏ္ဏာသပါဠိ)

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ကိုးကွယ်ရာ အားထားရာရှိကြပါစေတရားတော်ကို အတိုချုံး၍ တင်ပြပါသည်။

(သစ္စာလေးပါးတရားတော်၊ အမှတ်စဉ် (၃၄)၊ စာမျက်နှာ ၅၄၅ မှစသည်။)

ဒေါက်တာအရှင်ပါရမီ

(၂၂-၁-၂၀၁၅)

 

Leave a Reply