မဂ်တား ဖိုလ်တား

0

ဒေါက်တာအရှင်ပါရမီ

ဝိပဿနာဆိုတာ သာသနာတွင်းတရား။ သို့သော် ကလျာဏမိတ္တ- ဆရာကောင်းသမားကောင်း ပေါင်းမိမှလည်း တွေ့နိုင်ပြန်တယ်။ ဆရာကောင်းဆိုတာကလည်း ၀ိပဿနာမလုပ်မီ ဒိဋ္ဌိခွာပေးနိုင်မှ ဆရာကောင်းလို့ မှတ်ရမယ်။ ဒိဋ္ဌိမကွာတဲ့ ၀ိပဿနာဟာ အားနဲတဲ့ဝိပဿနာ- ဒုဗ္ဗလ၀ိပဿနာလို့ခေါ်တယ်။ ဒိဋ္ဌိကွာအောင် ရှင်းလင်းသင်ပြပေးပြီးမှသာ အားထုတ်လိုက်ရင် ဒိဋ္ဌိ အသိနဲ့ကွာနေပြီဖြစ်လို့ ကိုယ်အားထုတ်တဲ့ ၀ိပဿနာဟာ အားကောင်းတဲ့ ၀ိပဿနာ- ဗလ၀၀ိပဿနာဖြစ်တယ်။ အားနဲတဲ့ဝိပဿနာက ကုသိုလ်တော့ ရပါတယ်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်တော့ မရဘူး။ ဒီတော့လဲ အားထုတ်ရပြီး အချိန်ကုန်ရကျိုးမနပ်၊ သာသနာနဲ့တွေ့ရကျိုးမနပ်ဖြစ်ရတတ်တယ်။ ဒါ ဘာကြောင့် ဖြစ်ရသလဲဆိုတော့ ဒိဋ္ဌိမပြုတ်ဘဲနဲ့ အားထုတ်မိတဲ့အတွက်ပဲ။ အားကောင်းတဲ့ဝိပဿနာကတော့ ကုသိုလ်လည်း ရတယ်၊ တကယ် ဇွဲကောင်းကောင်းနဲ့ အားထုတ်ရင် မဂ်ဉာဏ် ဖိုလ်ဉာဏ်လည်း ရနိုင်တယ်၊ နိဗ္ဗာန်လည်း ရနိုင်တယ်။

ဝိပဿနာကတော့ ခန္ဓာထဲမှာ ရှုတာပါပဲ။ ဒါပေမယ့် ဒိဋ္ဌိမကွာလို့ရှိရင်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်မရနိုင်ဘူး။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးမိန့်တော်မူတာက “ဒိဋ္ဌိခွါမှုကို ရှေ့ထား၊ ရှုမှုကိုနောက်ထား”တဲ့။ ဒိဋ္ဌိ ၀ိစိကိစ္ဆာကို ရှေးဦးစွာ ဆရာသမားက ခွါမပေးနိုင်ခဲ့လို့ရှိရင် ဘယ်လိုပင်အားထုတ်ငြားသော်လည်း ဒိဋ္ဌိ ၀ိစိကိစ္ဆာဆိုတဲ့ ကိလေသာက ၀င်တားလိုက်တယ်။ ဒီလို မဂ်ဉာဏ်ဖိုလ်ဉာဏ်ကို တားနိုင်တဲ့တရား ငါးပါးရှိတယ်။

၁။ ကိလေသန္တရာယ်- ကိလေသာက မဂ်ဉာဏ်ဖိုလ်ဉာဏ်မရအောင်တားတာ။

၂။ ၀ိပါကန္တရာယ်- အကျိုးပေးဝိပါက်ကမဂ်ဉာဏ်ဖိုလ်ဉာဏ်မရအောင်တားတာ။

၃။ ကမ္မန္တရာယ်- ကိုယ်ပြုမိခဲ့တဲ့ကံကြီးတစ်ခုခု (ပဉ္စာနန္တရိယကံကြီးငါးပါးတွင် တစ်ပါးပါး)ကမဂ်ဉာဏ်ဖိုလ်ဉာဏ်မရအောင်တားတာ။

၎။ အရိယူပ၀ါဒန္တရာယ်- အရိယာတို့အပေါ် စွပ်စွဲပြောဆိုခဲ့ဘူးတဲ့အပြစ်တွေက မဂ်ဉာဏ်ဖိုလ်ဉာဏ်မရအောင်တားတာ။

၅။ အာဏာဝီတိက္ကမန္တရာယ်- ဘုရားမိန့်တော်မူထားတဲ့ ကျင့်ဝတ်၊ သိက္ခာပုဒ်၊ ၀ိနည်းတော်တွေကို ချိုးဖောက်ခြင်း၊ ဘုရားအာဏာဖီဆန်ခြင်းက မဂ်ဉာဏ်ဖိုလ်ဉာဏ်မရအောင်တားတာ။

ကိလေသန္တရာယ်ဆိုတာ အထူးသဖြင့် ကိလေသာ (၁၀)ပါးထဲမှာ ဒိဋ္ဌိ ၀ိစိကိစ္ဆာ ကိလေသာက ၀င်တားထားပြန်တော့လဲ ပထမမဂ်ဉာဏ်မဂ်ဖိုလ်ပင် မရနိုင်ပြန်ဘူး။ ဒီလို အထားအဆီးကို ဖယ်ရှားဖို့အတွက် ဒိဋ္ဌိကွာဖို့ အရေးကြီးပါတယ်။ ဒိဋ္ဌိကွာဖို့အတွက် ပဋိစ္စသမုပ္ပါဒ်ပြရပါတယ်။ နားလည်အောင် အရင်လုပ်ရပါမယ်။ ဥပမာ ဖယောင်းရှိလို့ မီးတောက်တယ်၊ ဖယောင်းကုန်တော့ မီးငြိမ်းတယ်။ ဒါဟာ အကြောင်းချုပ်လို့ အကျိုးချုပ်တာပဲ။ အကြောင်းအကျိုးမျှသာ ရှိတယ်။ ထိုနည်းတူပဲ ကိုယ့်ခန္ဓာထဲမှာလဲ ပုဂ္ဂိုလ်သတ္တ၀ါမရှိ၊ ဒိဋ္ဌိ မပါတော့ပါဘူး။ အကြောင်းကြောင့် ဖြစ်တဲ့မီး။ ဖယောင်းတည်းဟူသော အကြောင်းမရှိရင်လည်း ဒီမီး မရှိနိုင်ဘူးဆိုပြန်တော့ အကြောင်းကင်း၍ ဖြစ်နေတဲ့မီးမဟုတ်ဘူး။ အကြောင်းဖြစ်၍ အကျိုးဖြစ်နေတာ။ အကြောင်းချုပ်ပြန်တော့လည်း အကျိုးက ချုပ်ရပြန်တယ်ဆိုတော့ ဘယ့်နှယ်ကြောင့် ဒီမီးဖြစ်နေပါလိမ့်မလဲဆိုတဲ့ သံသယ ၀ိစိကိစ္ဆာ မလာတော့ဘူး။ ဒီလိုဆိုတော့လဲ ဒိဋ္ဌိရော ၀ိစိကိစ္ဆာပါ စင်သွားတယ်။ ဒီဒိဋ္ဌိ ၀ိစိကိစ္ဆာတို့ကို စင်အောင် အရင်ဆုံး အသိနဲ့ခွာပေးထားမှ ကိလေသန္တရာယ်ကလွတ်မြောက်တာ။ ဒီကိလေသန္တရာယ်က မဂ်ဖိုလ်တားတတ်တာကိုး။

ဝိပါကန္တရာယ်ဆိုတာက ဒိဟိတ်၊ အဟိတ်၊ တိရစ္ဆာန်ဖြစ်နေရင်တော့ ကိုယ့်အကျိုးပေးနဲ့ကိုယ်ပဲ။ ဘယ်လို တရားအားထုတ်ပေမယ့် တရားထူးမရနိုင်ဘူး။ အကျိုးဝိပါက်က တားထားတာ။ ဆွံ့အနားမကြားစသည်တွေလဲ ဒီအထဲပါသွားတာပေါ့။ ဒါကို ကိုယ့်အကျိုးပေးက ချို့ယွင်းနေတာကြောင့် ၀ိပါကန္တရာယ်တဲ့။

ကမ္မန္တရာယ်ဆိုတာက ကိုယ်ကျူးလွန်ထားတဲ့ကံက တားမြစ်တာ။ ပဉ္စာနန္တရိယကံဆိုတဲ့ ကံကြီးငါးပါး တစ်ပါးပါး ကျူးလွန်ထားမိရင် ဘယ်လိုဆရာကောင်းတွေ့တွေ့ ဘယ်လိုအားပေါက်အောင် အားထုတ်သည်ဖြစ်စေ တရားထူးမရနိုင်ဘူး။ ကံက တားမြစ်ထားတာ။

အရိယူပ၀ါဒန္တရာယ်ဆိုတာက အရိယာပုဂ္ဂိုလ်တို့ကို စွပ်စွဲပြောဆိုထားမိတာ။ အဲလို စွပ်စွဲမိထားရင်လည်း ကိုယ်ဘယ်လိုအားထုတ်သည်ဖြစ်စေ တရားမရနိုင်ဘူး။ ဒါကြောင့် ကိုယ် ပြောမှားဆိုမှား ရှိထားခဲ့ရင် တောင်းပန်ပေးရတယ်။ မတောင်းပန်ရင် အဲဒီအမှားက တရားမတက်အောင် ပိတ်ထားခံရတတ်တယ်။ အဲဒါမျိုးကို ၀ိပါကန္တရာယ်လို့ခေါ်တယ်။ သီဟိုဠ်ခေတ်က ရဟန်းနှစ်ပါး ဆွမ်းခံပြန်၊ မထေရ်ကြီးက ဗိုက်ဆာတာနဲ့ ရွာကအထွက် လမ်းသွားရင်းပဲ သပိတ်ထဲရလာတဲ့ယာဂု (ဆန်ပြုတ်)ကို သပိတ်နဲ့ မော့သောက်လိုက်တာ။ ဒီတော့ နောက်ကရဟန်းငယ်က “ဒီမထေရ်ကြီးနှယ် ကိုယ့်ဣနြေ္ဒကိုယ်မှ မဆယ်နိုင်ဘူး။ သွားရင်းလာရင်း ဆန်ပြုတ်မော့သောက်ရတယ်လို့”ဆိုပြီး စိတ်ထဲက ကဲ့ရဲ့ အပြစ်တင်နေလိုက်တာ။ ဟိုမထေရ်ကြီးက သိနေတယ်။ ရဟန္တာကြီးကိုး။ ဒါကြောင့် မထေရ်ကြီးက “ငါ့ရှင် တရားဘယ်အဆင့်ရောက်ပြီလဲ”လို့ မေးလိုက်တယ်။ ”တပည့်တော် သောတာပန်ပါဘုရား”။“ငါ့ရှင် ဒါဆို ရှေ့ဆက် အားမထုတ်နဲ့တော့”တဲ့။ ဒီတော့မှ အဲဒီရဟန်းငယ်ဟာ “ငါတော့ ရဟန္တာကို စိတ်နဲ့ ပြစ်မှားမိသွားပြီ”လို့ သိလိုက်တာနဲ့ ချက်ချင်းဝန်ချတောင်းပန်ရတယ်တဲ့။ အလိုတောင်းပန်လိုက်ပြန်တော့လဲ ဆက်လက်အားထုတ်ရင် တရားပြန်တက်တာပေါ့။ ဒါကြောင့် မှားမိတဲ့အပြစ်တွေရှင်ရင် ကျေပါစေတော့ဆိုပြီး တရားမထိုင်မီမှာ ဦးစွာ ရတနာသုံးပါး မိဘဆရာသမားတို့ကို ကန်တော့ရတယ်လေ။

အာဏာဝီတိက္ကမန္တရာယ်ဆိုတာကတော့ ဘုရားရှင်က အာဏာနဲ့ တားမြစ်ထားခဲ့တဲ့ သိက္ခာပုဒ်တွေကို ချိုးဖောက်ရင် ဘုရားအာဏာဖီဆန်ရာရောက်တဲ့အတွက် လူတွေအတွက် ငါးပါးသီလ၊ ရဟန်းတော်တွေအတွက် (၂၂၇)ပါးသော သိက္ခာပုဒ်၊ သာမဏေတွေအတွက် လိင် (၁၀)ပါး၊ ဒဏ် (၁၀)ပါး စောင့်ရှောက်ထိန်းသိမ်းရတာပေါ့။ အဲဒါတွေ ဆိုင်ရာဆိုင်ရာ ပုဂ္ဂိုလ်က ကိုယ့်ဆိုင်ရာဆိုင်ရာ သီလကို မလုံခြုံရင် ဘုရားအာဏာဖီဆန်ရာရောက်တယ်။ ဒါကြောင့် အဲဒီ အာဏာဖီဆန်မှုသည်လည်း မဂ်ဖိုလ်ကို တားမြစ်တဲ့တရားပါပဲ။

ဒါဖြင့် ဒီအထဲမှာ ကံကြီးကတော့ မည်သူမျှ မထိုက်ခဲ့ကြတာများပါတယ်။ အလွန်အင်မတန်ဆိုးဝါးမှသာ အမေအဖေကို စော်ကားကြတာလေ။ အကျိုးပေးအနေနဲ့ကလည်း လူတိုင်းဟာ ဖြစ်ပျက်လောက်တော့ မြင်နိုင် နားလည်နိုင်တာကြောင့် ရုပ်နာမ်ကွဲ၊ ဖြစ်ပျက်မြင်ရင် တိဟိတ်ပုဂ္ဂိုလ်လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက သတ်မှတ်ချက်ချပေးလိုက်တယ်။ စွပ်စွဲမိ ဝေဘန်မိ ကဲ့ရဲ့မိတာတွေကတော့ ၀န်ချတောင်းပန်လိုက်ရင် ပျောက်တယ်။ နောက်ဆုံးတစ်ချက်ကလည်း ကိုယ်နဲ့ဆိုင်ရာ သီလလုံခြုံနေရင် ပြီးတာပဲ။ ဒါတွေအားလုံးပြီးပြည့်စုံနေပြီဆိုရင် ဒီအထဲမှာ အရေးတကြီး အလုပ်လုပ်မှ ရှင်းမယ့် အန္တရာယ်က ကိလေသန္တရာယ်။ ကိုယ့်ခန္ဓာအတွင်းမှာ ၀င်ငုတ်မြုပ်နေတဲ့ ဒိဋ္ဌိကိလေသာ။ ဒီဒိဋ္ဌိကိလေသာကို အရင်ရှင်းပြီးမှ တရားအားထုတ်။

ဒိဋ္ဌိခွါချင်ရင် ပဋိစ္စသမုပ္ပါဒ်နားလည်ရမယ်၊ သစ္စာနားလည်ရမယ်။ နှစ်ချက်။ ပဋိစ္စသမုပ္ပါဒ်ကို ကြောင်းကျိုးဆက်ပုံ၊ အကြောင်းဖြစ်၍ အကျိုးဖြစ်၊ အကြောင်းချုပ်၍ အကျိုးချုပ်ပုံတွေ ရှင်းရှင်းသိလာတဲ့အခါမှ ဒိဋ္ဌိသုံးမျိုးက ရှင်းထွက်သွားတာ။ ပုဂ္ဂိုလ်သတ္တ၀ါမဟုတ်၊ ငါမဟုတ်သူမဟုတ်၊ အကြောင်းအကျိုးသာဟုတ်၏လို့ နားလည်တာနဲ့ သက္ကာယဒိဋ္ဌိပြုတ်တယ်။ ဒါကြောင့် “အကြောင်းထဲမှာ ဉာဏ်ရှင်းတော့ ၀ိစိကိစ္ဆာသေ၊ အကျိုးထဲမှာ ဉာဏ်ရှင်းတော့ ဒိဋ္ဌိပြုတ်”ဆိုပြီး မူသေမှတ်နိုင်ပါတယ်။ အကြောင်းကလည်း ဖြစ်ပြီးပျက်၊ အကျိုးနောက်မလိုက်ဘူး။ အကျိုးကလည်း ဖြစ်ပြီးပျက်၊ မမြဲဘူးလို့သိတာနဲ့ သဿတဒိဋ္ဌိပြုတ်တယ်။ အကြောင်းက အကျိုးကို ဖြစ်စေတယ်၊ ကြောင်းကျိုးတော့ဆက်နေတယ်။ ဒါရိုက် တစ်ဆက်တည်းဆက်နေတာမျိုးတော့မဟုတ်ဘူး။ အကြောင်းက တစ်ခြား အကျိုးကတစ်ခြား ဒီလို မဆီမဆိုင်ဖြစ်နေကြတာလည်းမဟုတ်ဘူး။ ဆိုင်ရာဆိုင်ရာအကျိုးကိုတော့ ဖြစ်စေတာပဲ။ ပြတ်စဲသွားတာမျိုးမဟတ်ဘူးလို့ သိလိုက်တာနဲ့ ဥစ္ဆေဒဒိဋ္ဌိပြုတ်တယ်။

ဝတ္ထုသာဓကအနေနဲ့ထုတ်ပြရရင် မူလပဏ္ဏာသပါဠိတော်မှာ လာတဲ့ သာတိရဟန်းဆိုတာ ဘုရားလက်ထက်က ရှိခဲ့တယ်။ သာတိရဟန်းဟာ ခန္ဓာငါးပါးရှိတယ်လို့ လက်ခံတယ်။ ဒါပေမယ့် ရှေ့ခန္ဓာလေးပါးကတော့ မမြဲဘူး။ သေတယ်ဆိုလဲ ဟုတ်တယ်။ ဒါကို သူလက်ခံတယ်။ ၀ိညာဏက္ခန္ဓာဆိုတဲ့ စိတ်ကတော့ မသေဘူးတဲ့။ ဒီခန္ဓာကြီးသေသွားရင် သူကထွက်သွားပြီး လူဖြစ်ချင်လည်းဖြစ်မယ်။ နတ်ဖြစ်ချင်လည်းဖြစ်မယ်။ အပါယ်ရောက်ချင်လည်းရောက်မယ်။ ၀ိညာဏက္ခန္ဓာက ဘုံပြောင်းတယ်၊ ဘ၀ပြောင်းတယ်၊ အသက်ထွက်တယ်ဆိုပြီး ယူဆတာမျိုးပါ။ သူက ဒီလိုယူထားတာ။ ကျန်ခန္ဓာလေးပါးကတော့ မမြဲဘူးဆိုတာ လက်ခံတယ်၊ ၀ိညာဏက္ခန္ဓာကတော့ မြဲတယ်လို့ သူယူဆထားတာလေ။ တည်မြဲ သဿတအနေနဲ့ယူဆထားတာဖြစ်လို့ သဿတဒိဋ္ဌိအယူလို့ခေါ်တယ်။ ဒါကြောင့် မိုးကုတ်ဆရာတော်ဘုရားကြီးက “အသက်ထွက်သွားပြီလို့ မပြောကြပါနဲ့”တဲ့။ မှာတော်မူပါတယ်။ သဿတဒိဋ္ဌိဖြစ်မှာစိုးလို့ပါပဲ။ အဲလိုသဿတဒိဋ္ဌိခံနေရင်လည်း “၀ိပဿနာအလုပ်ကို အာပေါက်အောင် အားထုတ်ငြားသော်လည်း မဂ်ဉာဏ် ဖိုလ်ဉာဏ်မရလို့ ဆုံးဖြတ်ချက်ချ”လို့ မိုးကုတ်ဆရာတော်ဘုရားကြီးက ပြတ်သားစွာ မိန့်တော်မူထားပါတယ်။

ဝိညာဏ်ဆိုတာ ဒီနေရာမှာဖြစ် ဒီနေရာမှာချုပ်ပါတယ်။ နားထဲမှာကြားစိတ်ပေါ် နားထဲမှာပဲ ချုပ်တယ်။ ၀ိညာဏ်ပြောင်းလို့မရပါဘူး။ ဒါနဲ့ ဘုရားက သာတိရဟန်းကို အခေါ်ခိုင်းပြီး မေးမြန်းစစ်ဆေး၊ သူကလည်း သူဒီလိုယူဆထားကြောင်း ၀န်ခံလေတယ်။ ဒါဖြင့် မင်းယူထားတဲ့ ၀ိညာဏ်ဆိုတာ ဘယ်လိုလဲ၊ ပြောစမ်းပါဦး။ ၀မ်းထဲမှာရှိတဲ့ဝိညာဏ်လေးဟာ လူသေတာနဲ့ ထွက်သွားတာပဲ၊ ဒီခန္ဓာနဲ့ လုပ်ထားတဲ့ ကောင်းမွေ ဆိုးမွေ ဟိုမှာ သွားပြီး သူခံရစံရတယ်။ ငါလုပ်ထားတာပဲ ငါသွားခံစားမယ်ဆိုပြီး ၀ိညာဏ်လေးက သွားပြီးခံစားတယ်တဲ့။ ဒီတော့ ဘုရားရှင်က သာတိရဟန်းတော့ ၀ိညာဏ်ကို မြဲတယ်လို့ ယူဆနေတယ်၊ ဒါကို သူမစွန့်လွှတ်နိုင်ဖြစ်နေပြီ၊ စွဲနေပြီ။ မဂ်ဖိုလ်မပြီး အချည်းအနှီးပုဂ္ဂိုလ်ပဲ။ ဒီအယူကို မစွန့်သမျှ ဒီဘ၀ မဂ်ဖိုလ်မရနိုင်ဘူးလို့ ဘုရားက ဟောလိုက်တော့ သာတိရဟန်းခမျာ ခေါင်းငိုက်စိုက်ကျသွားလေတော့တယ်။ ဒါကြောင့် ဒိဋ္ဌိမကွာတဲ့ဝိပဿနာဟာ ကုသိုလ်တော့ရတယ်၊ နိဗ္ဗာန်မရဘူး။ ဒိဋ္ဌိကွာပြီးအားထုတ်တဲ့ဝိပဿနာမှ ကုသိုလ်လည်းရ နိဗ္ဗာန်လည်းရတယ်။

ဒိဋ္ဌိခွါချင်ရင် ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်ကိုလည်းသိရမယ်၊ ခန္ဓာဒုက္ခသစ္စာကိုလည်း သိရမယ်။ ခန္ဓာဒုက္ခသစ္စာကို နားလည်ပြီး ဉာတပရိညာနဲ့ နားလည်ပြီးတော့မှ တီရဏပရိညာပွားပါ။ သာတိရဟန်းက ၀ိညာဏ်ဆိုတာ ဘုံပြောင်းတယ်၊ ဘ၀ပြောင်းတယ်။ ဒီဘ၀လုပ်ထားတဲ့ကံ နောက်ဘ၀မှပဲ ပြန်ခံစားတော့မယ်ဆိုတဲ့သဘောပဲ။ အဲဒါ သဿတဒိဋ္ဌိဝင်နေတာ။ ကမ္မဿကတာဉာဏ်တော့ ဖြစ်ပါတယ်။ ၀ိပဿနာဉာဏ်မဖြစ်ဘူး။ ဒါကြောင့် မဂ်ဖိုလ်မရတာ။ ကိလေသာက တားမြစ်ထားလိုက်တာ။ ဒါကြောင့် ကုသိုလ်တော့ရတယ်၊ နိဗ္ဗာန်မရောက်ဘူး။ ဒါကြောင့် အလှူအတန်းလုပ်တော့မယ်ဆိုရင်တောင် သက္ကာယဒိဋ္ဌိအရင်ဖြုတ်ပြီးမှ သစ္စာသိအောင်လုပ်ပြီးမှ လှူပါတန်းပါ။ ဒီဝဋ်က ကျွတ်အောင်လို့ လှူတန်းပါတယ်ဆိုတော့ ကမ္မဿကတာဉာဏ်မဟုတ်တော့ဘူး။ သစ္စာနုလောမိကဉာဏ်ဖြစ်လာတယ်။

သာတိရဟန်းကတော့ ၀ိညာဏ်ကလေးဟာ လူသေရင်ထွက်သွားတယ်။ ရောက်ရာဘ၀မှာ သူလုပ်ထားတဲ့ ကောင်းကျိုးမကောင်းကျိုးကို ခံစားတယ်ဆိုတော့ ၀ိညာဏ်က ခန္ဓာပြောင်းတယ်၊ သံသရာပတ်တယ်လို့ယူဆလိုက်တာပဲ။ ဒါဟာ သဿတဒိဋ္ဌိအယူပဲ။ ဒီအယူရှိနေသရွေ့ နတ်ရွာသုဂတိလောက်သာရောက်နိုင်တယ်၊ နိဗ္ဗာန်မရောက်နိုင်ဘူး။ ဒါကြောင့် ဒီကိလေသန္တရာယ်က တားချလိုက်တာ မင်း မဂ်ဖိုလ်မပြီး အချည်းအနှီးဖြစ်တဲ့ သာတိလို့မှတ်လိုက်တော့။ ဘုရားက အမိန့်ချလိုက်တာ၊ သာတိ မှိုင်ကျသွားတယ်။ သူ့အယူ ဘုရားချွတ်တာတောင် မစွန့်ဘူး။ အယူမစွန့်နိုင်လို့ မှိုင်ကျသွားတာ။ ဘယ်လောက်ကြောက်စရာကောင်းလဲ။ ဒါကြောင့် ဒိဋ္ဌိကိုအရင်ရှင်းပြီးမှ တရားအားထုတ်၊ မရှင်းဘဲနဲ့အားထုတ်ရင်တော့ မောတာပဲ။ သာမညကုသိုလ်နဲ့ အချိန်ကုန်သွားမယ်။

ဘုရားက နောက်ကရဟန်းတွေကို မင်းတို့ကော သာတိလို အယူရှိပါသလားလို့ မေးလိုက်တယ်။ တပည့်တော်တို့က အဲလိုမယူပါဘုရား။ မျက်စိနဲ့အဆင်းတိုက်တော့ မြင်စိတ်ဖြစ်ပါတယ်၊ မတိုက်ရင်မဖြစ်ပါဘူး၊ ဒီမြင်စိတ် မျက်လုံးထဲမှာပေါ်ပြီး မျက်လုံးထဲမှာပဲ ပျက်ရပါတယ်။ ဘယ်မှ မပြောင်းနိုင်ပါဘူး။ ကျန်တဲ့ဝိညာဏ်တွေကိုလည်း ဒီအတိုင်းပဲနားလည်ပါတယ်ဘုရားလို့လျှောက်ကြတယ်။

ဒီတော့ ဘုရားက ၀ိညာဏ်ကို ဖြစ်ပျက်လို့မှတ်။ ၀ိညာဏ်ဟာ ဘယ်မှရွှေ့မဖြစ်နိုင် ပြောင်းမဖြစ်နိုင်။ ဖြစ်ပြီးပျက်တဲ့တရားသာဖြစ်လို့ ဖြစ်ပျက်လို့သာမှတ်။ ငါဘုရားလည်း ဒီလိုပဲဟောတယ်ဟုမိန့်တော်မူပါတယ်။

ဥပမာ မြင်စိတ်ပေါ်တယ်ဆိုပါစို့။ မျက်လုံးထဲပေါ် မျက်လုံးထဲမှာပဲ ပျက်ရတယ်။ ဘယ်မှမရွှေ့ပါဘူး။ မြင်စိတ်က အနိစ္စ၊ သိတဲ့ဉာဏ်က မဂ္ဂ။ ဒီလို အနိစ္စနဲ့ မဂ္ဂနဲပတည့်နေတဲ့အခါ ငါမြင်တယ်ဆိုတဲ့ ဒိဋ္ဌိ မလာနိုင်ဘဲနဲ့ သေသွားတယ်။ ဒီနေရာပေါ် ဒီနေရာချုပ်တယ်လို့ သိတာက ၀ိပဿနာသမ္မာဒိဋ္ဌိ။ ဒီသမ္မာဒိဋ္ဌိလာတော့ မိစ္ဆာဒိဋ္ဌိသေသွားတယ်။ ဒါဟာ ဒိဋ္ဌိပဋိစ္စသမုပ္ပါဒ်ပြတ်ထွက်သွားတာပဲ။ အကြောင်း ဒိဋ္ဌိသေတော့ အကျိုးပေး အပါယ်လေးပါးခန္ဓာတွေ မလာနိုင်တော့ဘူး။ အပါယ်ပဋိစ္စသမုပ္ပါဒ် ပြတ်ထွက်သွားတာတယ်။ ဘာကြောင့် ပြတ်ရသလဲဆိုရင် ဓမ္မအစစ်က ဒီနေရာမှာဖြစ် ဒီနေရာမှာပျက်၊ ဘယ်မှမရွေ့ဘူး။ ဒီလိုသိတော့ ခိုင်တယ်မြဲတယ်ထင်ထားတဲ့ သဿတဒိဋ္ဌိမလာနိုင်တော့ဘူး။ ပြောင်းရွှေ့တယ်ဆိုတဲ့ သဿတဒိဋ္ဌိလည်း မလာနိုင်တော့ဘူး။ ငါမဟုတ်ဘူး၊ အကြောင်းတိုက်ဆိုင်လို့ အကျိုးပေါ်လာတာလို့ သိနေတော့လည်း သက္ကာယဒိဋ္ဌိပြုတ်နေတယ်။ ဥစ္ဆေဒဒိဋ္ဌိလည်း ပြုတ်နေတယ်။ ဖြစ်တာ ပျက်တာလေးနဲ့ ဉာဏ်လေးနဲ့ တည့်ပေးနေတဲ့အချိန်မှာ ဒိဋ္ဌိသုံးမျိုးဟာ ဒီလိုချုပ်နေကြပါတယ်။ ဒါကြောင့် ရှုတိုင်း ရှုတိုင်း ဒီနေရာမှာ ဖြစ်၊ ဒီနေရာမှာ ပျက်တယ်လို့ ဉာဏ်ကလေးရနေတိုင်း အပါယ်တံခါး ပိတ်နေတယ်။ အလိုပိတ်တယ်ဆိုတာ အပါယ်ပို့မယ့်တရား ဒိဋ္ဌိတွေ ချုပ်နေလို့ပါပဲ။ ဒီလို အကြောင်းအကျိုး သိမ်းဆည်းသိနေတဲ့အခါ ဘယ်လိုကြောင့်ဖြစ်ရပါလိမ့်မလဲဆိုတဲ့ ၀ိစိကိစ္ဆာလည်း သေနေတယ်လေ။ ဒိဋ္ဌိဝိစိကိစ္ဆာသေနေလို့လည်း အပါယ်တံခါးပိတ်ရတယ်။

ဒါကြောင့် အပါယ်တံခါးပိတ်တာက ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ်။ အပါယ်လေးပါးတံခါးဖွင့်တာက ဒိဋ္ဌိ။ ၀ိပဿနာဉာဏ်၊ မဂ်ဉာဏ်ရလို့ရှိရင် အပါယ်လေးပါးတံခါးပိတ်တယ်။ ဒီပြင်တရားတွေက ခေတ္တပဲ ပိတ်ပေးနိုင်တယ်၊ အသေပိတ်မပေးနိုင်ဘူး။ ဖြစ်ပျက် ဒုက္ခမြင်နေသေးတယ်ဆိုရင် တစ်ဘ၀ နှစ်ဘ၀ ပိတ်တယ်။ ဒုက္ခအဆုံးဖြစ်တဲ့ နိဗ္ဗာန်မြင်ပါပြီဆိုရင် အကြွင်းမဲ့ပိတ်ပါပြီ။ ဘာကြောင့် ဒီလိုအပါယ်တံခါး ပိတ်ရပါသလဲဆိုတော့ မဂ်ဉာဏ်ဖိုလ်ဉာဏ်တားတတ်တဲ့ ကိလေသန္တရာယ် အရင်ဖယ်ရှားပေးပြီးမှ ၀ိပဿနာအားထုတ်တော့ ဒီဉာဏ်ရင့်လာတာနဲ့ မဂ်ဉာဏ်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့် ဒိဋ္ဌိသတ်ဖို့ အရေးအကြီးဆုံးပါပဲ။ ဒိဋ္ဌိသတ်ချင်ရင်လည်း ခန္ဓာ့ပဋိစ္စသမုပ္ပါဒ်နဲ့ သစ္စာနားလည်ရမယ်။ သာတိဟာ ဘုရားနဲ့တွေ့ခဲ့ပါလျက်နဲ့ ဘာကြောင့်နိဗ္ဗာန်နဲ့လွဲရသလဲဆိုရင် ဒိဋ္ဌိအယူမစွန့်လို့ပါပဲ။ ဒါကြောင့် ဒိဋ္ဌိအယူကို စွန့်နိုင်အောင် ကြိုးစားကြရမှာက အဓိကလုပ်ငန်းပါပဲ။ ဒီလိုအပ်ချက်ကလည်း ပဋိစ္စသမုပ္ပါဒ်နဲ့ သစ္စာနားလည်မှ ပြီးပြည့်စုံလိမ့်မယ်ဆိုတာ မိုးကုတ်ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့ပါတယ်။

(သဿတဒိဋ္ဌိအပြစ်ကြီးပုံ သာတိဝတ္ထုအဆက်၊ ညအလုပ်ပေးတရားတော်) (၁၆-၁၀-၆၁)

သစ္စာလေးပါးတရားတော် အမှတ်စဉ် (၂၂) စာမျက်နှာ (၁)

Leave a Reply