အပါယ်တံခါးပိတ်

0

ဒေါက်တာအရှင်ပါရမီ

ဘုရားရှင်ကိုယ်တော်မြတ်ကြီးက တန်ခိုးတော်နဲ့ ရဟန်းတွေကို ငရဲပြည်ခေါ်သွားပြီး မဟာပရိဠာဟငရဲကို ပြတော်မူပါတယ်။ ငရဲမီးတဟုန်းဟုန်းတောက်လောင်နေတဲ့ မဟာပရိဠာဟငရဲကိုပြပြီး “ရဟန်းတို့ မဟာပရိဠာဟငရဲဟာ ကြောက်စရာကောင်းပါတယ်။ မျက်စိနဲ့ ကြည့်လိုက်မယ်ဆိုရင် မြင်တာနဲ့ မျက်စိပျက်တယ်၊ ငရဲသားတွေ ပူလွန်းလို့အော်ကြတဲ့အသံတွေကြားလိုက်တယ်ဆိုရင်လည်း ကြားတာနဲ့ အဲဒီနား ပျက်တယ်။ ငရဲမီးနဲ့ လောင်မြိုက်လို့ထွက်လာတဲ့အညှော်နံ့တွေကို နံလိုက်ရင်လည်း အဲဒီနှာခေါင်း ပျက်တယ်။ အဲဒီငရဲမီးနဲ့ လျှာနဲ့ထိလိုက်ရင်လည်း အဲဒီလျှာ ပျက်တယ်။ ကိုယ်နဲ့ထိရင် ကိုယ်ပျက်တယ်။ ဒီလောက်အထိ ကြောက်စရာကောင်းပါတယ်။ ဒါပေမယ့် ဒီထက်ကြီးတဲ့ ကြောက်စရာရှိသေးတယ်။ အဲဒါ သစ္စာမသိတာပဲ။ သစ္စာမသိတဲ့ဒုက္ခက ဒီထက်ကြောက်စရာကောင်းတယ်”တဲ့။ သစ္စာမသိခြင်းကြောင့် ဒီငရဲတွေ ကျရောက်ရတာ။ သစ္စာသိရင် ကျစရာ မရှိပါဘူး။ ငရဲကျရတာလည်း သစ္စာမသိလို့။ လူဖြစ်ရတာကလည်း သစ္စာမသိလို့။ နတ်ဖြစ်ရတာကလည်း သစ္စာမသိလို့။ ဒါကြောင့် သစ္စာမသိခြင်းဟာ ကြောကစရာအကောင်းဆုံးပဲလို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက မိန့်တော်မူပါတယ်။

ဇာတိဖြစ်ကြောင်းကံတွေလုပ်နေကြတာဟာလည်း သစ္စာမသိလို့ပါပဲ။ ဇရာဖြစ်ကြောင်းကံတွေလုပ်နေကြတာကလည်း သစ္စာမသိလို့၊ မရဏဖြစ်ကြောင်းကံတွေလုပ်နေကြတာကလည်း သစ္စာမသိလို့။ ဒီကံတွေကို အုပ်ချုပ်နေတာက ကိလေသာ။ ကိလေသာ (၁၀)ပါးရှိသော်ငြားလည်း အပါယ်ရောက်အောင် ပို့ဆောင်ပေးတဲ့ ခေါင်းဆောင်တရားတွေက ဒိဋ္ဌိနဲ့ ၀ိစိကိစ္ဆာကိလေသာတွေပါပဲ။ ဒီထဲမှာတောင်မှ ၀ိစိကိစ္ဆာက ဒိဋ္ဌိပြုတ်ရင် အလိုလို ပြုတ်သွားတာ။ ဒီတော့ အရေးအကြီးဆုံး သတ်ရမှာသည် ဒိဋ္ဌိပဲ။ ဒီ ဒိဋ္ဌိ ခန္ဓာမှာကပ်ပါတယ်။ ခန္ဓာဖြစ်ကြောင်း ခန္ဓာဖြစ်ကျိုးမသိလို့ပဲ ဒိဋ္ဌိကပ်ရတယ်။ ဒါကြောင့် ဒိဋ္ဌိခွာချင်ရင် ခန္ဓာအကြောင်း ကောင်းကောင်းသိအောင်လုပ်ဖို့ လိုပါတယ်။ ကိုယ့်ဉာဏ်ကို ခန္ဓာထဲမှာ စိုက်ပြီး ခန္ဓာက ပြတာကိုပဲ သေသေချာချာသိအောင်လုပ်ပေးရတယ်။ ခန္ဓာက မပြတာတွေ အပိုတွေကို သိမနေပါနဲ့။ ခန္ဓာက သူ့ရှိတဲ့ ဒုက္ခတွေသာ ပြနေပါတယ်။ သူ့မရှိတာ ဘာတစ်ခုမှ မပြဘူး။ သူ့ရှိတာက ရုပ်လည်း မမြဲဘူး၊ ဖြစ်ပြီးပျက်။ ဝေဒနာလည်း မမြဲဘူး ဖြစ်ပြီးပျက်၊ သညာလည်း မမြဲဘူး ဖြစ်ပြီးပျက်၊ သင်္ခါရလည်း မမြဲဘူး ဖြစ်ပြီးပျက်၊ ၀ိညာဏ်လည်း မမြဲဘူး ဖြစ်ပြီးပျက်။ ဒုက္ခသစ္စာတွေချည်းပဲလို့ ပြနေတာ။ ဒီအရှိသဘောတရားတွေ အမှန်အကန် ဉာဏ်နဲ့မြင်အောင်ကြည့်နေရင် ဘယ်အရာမှ “ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာ”လို့ စွဲနေစရာမရှိတော့ဘူး။ ဒါမှမဟုတ်ဘဲ ငါ့ရုပ် ငါ့လက် ငါ့ခေါင်း ငါ့ခြေ ငါ့ခါး ငါ့စိတ် ငါ့အနာ စသည်ဖြင့် အရာရာ ခန္ဓာအမှန်မမြင်ဘဲ ဒိဋ္ဌိစွဲဖြင့် လိုက်ကြည့်နေမယ်ဆိုရင်တော့ ခန္ဓာက ပြတာမမြင်ဘဲ ခန္ဓာက မပြတာသာ မြင်နေတော့တာပါပဲ။ ခန္ဓာက မပြတာတွေ မြင်နေရင် မရှိတာတွေကို အရှိထင်နေတော့တယ်လေ။ ဒါဟာ တစ်သံသရာလုံးက ဒီလို အထင်အမြင်အယူအဆတွေနဲ့ နေလာခဲ့ကြတာ။ ခုလဲ များသောအားဖြင့် ဒီထင်မြင်ယူဆချက်တွေနဲ့သာ အချိန်ကုန်နေကြတာ များပါတယ်။ အဲဒါကို ဒိဋ္ဌိအယူစွဲလို့ ခေါ်တယ်။ ဒီ ဒိဋ္ဌိအယူစွဲရှိနေသရွေ့တော့ ဘယ်တော့မှ အပါယ်နဲ့ အိုးစားမကွဲသေးဘူး။ ကံကောင်းလို့ လူဖြစ်နေလဲ ခဏပဲ။ နောက်ကျရင် ဒိဋ္ဌိက အပါယ်ဆွဲချအုံးမှာ။ ဘာကြောင့်တုန်းဆိုတော့ ဒီကံကို (ဒိဋ္ဌိ)ကိလေသာက စီမံနေတာလေ။ ဒိဋ္ဌိက စီမံခံရလျှင် အပါယ်လေးဘုံ တန်းရောက်တာပဲ။ ဒိဋ္ဌိ မနိုင်လို့ လက်လျှော့လိုက်ရတဲ့ ကုသိုလ်ကံက စီမံနေသေးရင်တော့ အထက်သံသရာမှာ ကျင်လည်နိုင်တာပေါ့။ အထက်သံသရာကျင်လည်ခွင့်ရလည်း ကုသိုလ်ကံစွမ်းအားကုန်တာနဲ့ ဒိဋ္ဌိလက်ထဲပြန်ရောက်၊ အောက်ပြန်ဆွဲချတာ ခံရမှာပဲ။ ဒါကြောင့် ဒိဋ္ဌိမပြုတ်သေးသရွေ့ အပါယ်အရေး စိတ်မအေးရသေးဘူးသာမှတ်။

ဒိဋ္ဌိကို အသိဉာဏ်နဲ့လည်းဖြုတ်၊ အပွားဉာဏ်နဲ့လည်းဖြုတ်၊ နောက်ဆုံး အပါယ်ဉာဏ်နဲ့ဖြုတ်လိုက်ရင် ဒိဋ္ဌိတရားက ခြယ်လှည်ခွင့်မရတော့ဘူး။ ရှေးဦးစွာလုပ်ရမှာက ဒိဋ္ဌိဖြုတ်ပေးတဲ့ တရားကို များများနာကြားပြီး ဒိဋ္ဌိပြုတ်တဲ့အလုပ် အပွားအလုပ်ကို လက်တွေ့လုပ်ဖို့ပါပဲ။ အပွားဉာဏ်နဲ့ခွါလို့ ကိုယ့်ဉာဏ်ရင့်သန်လာခဲ့ရင် တစ်ဘ၀နှစ်ဘ၀ အပါယ်မကျပါဘူးလို့ မိုးကုတ်ဆရာတော်ဘုရားကြီးမိန့်တော်မူပါတယ်။ အပွားဉာဏ်ရင့်သန်လို့ အဲဒီဝိပဿနာဉာဏ်မမေ့မပျောက်နဲ့ သေသွားရင်တော့ နတ်ပြည်ရောက်တယ်၊ နတ်ပြည်ရောက်ပြီး တစ်နည်းမဟုတ်တစ်နည်းနဲ့ သောတာပန်တည်တယ်လို့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးကလည်း သောတာနုဂတသုတ်မှာ အာမခံတော်မူထားပါတယ်။ ဒါကြောင့် ဒိဋ္ဌိပြုတ်ချင်ရင် ပဋိစ္စသမုပ္ပါဒ်ကြောင်းကျိုးနားလည်ရမယ်၊ ဖြစ်ပျက်မြင်ရမယ်၊ မြင်အောင် ၀ိပဿနာပွားရမယ်။ ဒါဆိုရင် သစ္စာသိမယ်။ သစ္စာသိတာနဲ့ ဒိဋ္ဌိကွာတော့တာပဲ။ ဒိဋ္ဌိကွာရင်လည်း အပါယ်တံခါးပိတ်ပါတယ်။ ဒါကြောင့် “ကိုယ့်ကိုယ်ကို သနားရင် သစ္စာသိအောင်လုပ်ပါ”လို့ မိုးကုတ်ဆရာတော်ကြီးမိန့်တော်မူပါတယ်။ သစ္စာသိအောင်လုပ်မှ ကိုယ့်ကိုယ်ကို ကယ်တင်ရာကျမယ်။ ကိုယ့်ဘ၀ အပါယ်ဘေးက စိတ်အေးရမယ်။ ဒါမှမဟုတ်ရင် ကိုယ့်ကိုယ်ကို ချစ်ရာမကျဘဲ နှစ်ရာကျလိမ့်မယ်။ ကိုယ့်ကိုယ်ကို ကယ်တင်နိုင်တာ သစ္စာသိတဲ့မဂ်ဉာဏ်မှတစ်ပါး အခြားမရှိဘူး “ဧကာယနော အယံ ဘိက္ခဝေ မဂ္ဂေါ”။

သစ္စာသိလို့ မဂ်ဉာဏ်ရပြီဆိုတော့လည်း ကိုယ့်အတွက် ကျိန်းသေရောက်မှာ သေချာနေတဲ့ ငရဲဘေးကတောင်မှ လွတ်မြောက်နိုင်တယ်။ ကိုယ့်ကို ငရဲပို့မယ့် အပါယ်ပို့မယ့် ဒိဋ္ဌိကို ဒီလူ့ပြည်ကနေ ပိုင်ပိုင်နိုင်နိုင် သတ်ပစ်လိုက်ပြန်တော့ ကိုယ့်အတွက် ပေါ်နေတဲ့ ဒယ်အိုးတွေ ငရဲမီးတွေ ဘာတွေ အကုန် ဒီက ဒိဋ္ဌိဖြုတ်လိုက်တာနဲ့ အပြီးပိုင် ငြိမ်း အပြီင်္းပိုင် သိမ်းသွားတာပဲ။ အရှင်အင်္ဂုလိမာလဟာ လူပေါင်း များစွာ သတ်ခဲ့တာပဲ။ ဒါအတွက် သူ ခန္ဓာနဲ့ အပါယ်မှာ ဘ၀များစွာ ပေးဆပ်လို့တောင် ကျေဖို့မလွယ်ဘူး။ ဒါလောက် များပြားတဲ့ ဆိုးမွေ ၀ဋ်ကြွေးတွေကို အရဟတ္တမဂ်ဉာဏ်ကဖြတ်ချလိုက်တာ သူဟာ အပါယ်တံခါး ပိတ်ရုံတင်တောင်မကဘူး။ နိဗ္ဗာန်အထိ ချက်ချင်းမျက်မှောက်ပြုသွားနိုင်တယ်။ ဒါဟာ ဘုရားတည်းဟူသော သူတော်ကောင်းရင့်မကြီးနှင့်တွေ့လို့ပေါ့။ မတွေ့လို့ကတော့ ဒီဉာဏ် ဘယ်လိုလုပ် ရနိုင်ပါ့မလဲ။

ခန္ဓ၀ဂ္ဂသံယုတ်၊ ခန္ဓ၀ဂ္ဂအဋ္ဌကထာမှာ လာတဲ့ မိလက မုဆိုးကြီးအကြောင်း တင်ပြချင်ပါတယ်။ သူဟာ မုဆိုးဘ၀နဲ့ ရေရှည်အသက်မွေးလာခဲ့တာ။ တောထဲမှာ ကျော့ကွင်း (၁၀၀)၊ ကျောက်ဘိ (၁၀၀) “အဒူဟလသတ” ဆောင်ပြီး အသက်မွေးဝမ်းကြောင်းလုပ်နေတာပေါ့။ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေ မလုပ်အပ်မလုပ်ထိုက်တဲ့အလုပ်တွေပဲလေ။ တကယ်တော့ ဘုရားက လူတွေမလုပ်ထိုက်တဲ့ ကုန်သွယ်မှုကြီး ငါးမျိုးတောင်ဟောထားတာပဲ။

၁။ သတ္ထ၀ါဏိဇ္ဇ- လက်နက်ခဲယမ်းမီးကျောက်ကုန်သွယ်ခြင်း။

၂။ သတ္တ၀ါဏိဇ္ဇ-လူကုန်ကူးခြင်း။

၃။ ၀ိသ၀ါဏိဇ္ဇ- အဆိပ်ကုန် ပိုးသတ်ဆေးစတာတွေ ရောင်းဝယ်ခြင်း။

၎။ မံသ၀ါဏိဇ္ဇ- သားငါးမွေးမြူပြီး ရောင်းဝယ်ခြင်း၊ ကြက်မွေးမြူရေး၊ ၀က်မွေးမြူရေး၊ ငါးမွေးမြူရေးစသည်ပြုလုပ်ပြီး သားငါးရောင်းဝယ်ခြင်းမျိုးတွေအကုန်ပေါ့။

၅။ မဇ္ဇ၀ါဏိဇ္ဇ- သေရည်အရက် မူးယစ်သေစာ ရောင်းဝယ်ခြင်း။

ဒီလုပ်ငန်းတွေမလုပ်ဖို့ ဘုရားရှင်တားမြစ်ထားတာက လူသားတို့ဘ၀ နစ်မွန်းမှာစိုးလို့ပါ။ မလုပ်နဲ့ဆိုတာ လုပ်ရင် ဘုရားလည်း မကယ်နိုင်ဘူး၊ ဆွေးမျိုးမိဘလည်း မကယ်နိုင်ဘူး။ တကယ့်အရေး တကယ့်ဘေးမှာ ဘယ်သွေး ဘယ်သားမှ မကယ်နိုင်ဘူး။ ကိုယ့်ရှိတဲ့စီးပွားကလည်း မကယ်နိုင်ပါဘူး။ ကိုယ်လုပ် ကိုယ်ခံရဖို့သာရှိတော့တယ်။

ဒီလိုနဲ့ တောထဲ သူ့ကျော့ကွင်းထောင်ရာ ဘိထောင်ရာ စားကျက်နယ်မြေသွားကြည့် မိလာတဲ့ ငှက်လေးတွေ အကောင်လေးတွေထဲက သူစားလိုတဲ့အကောင် အမွေးနုတ် မီးကင် စားပြီး ရေဆာလာတာပေါ့။ တောထဲမှာ ဘယ်မှာမှ သောက်ရေရှာမရတာနဲ့ ရေလှည့်ရှာရင်း တောကျောင်းအနားရောက်သွား၊ တောကျောင်းဆရာတော်က လမ်းလျှောက်နေတာ။ သူက ရေအိုးလှမ်းမြင်လိုက်တာနဲ့ ရေအိုးဆီ အပြေးသွားပြီး ရေခွက်ကိုင်၊ ရေအိုးဖုံးဖွင့် ရေကို အားရပါးရ ခပ်လိုက်တာ။ ရေက တစ်စက်မှ မရှိဘဲ ရေခွက်နဲ့ ရေအိုးနဲ့တိုက်တဲ့အသံပဲ “ဂလောင်”ဆိုပြီး ကြားလိုက်ရတယ်။ ဒါနဲ့ စိတ်တိုပြီး “ဒီဘုန်းကြီးနှယ်၊ ပျင်းလိုက်တာ။ သူများလှူတဲ့ဆွမ်းတွေ အလကားစားထားပြီး ဒီရေအိုးလေးမှ ရေလောင်းဖော်မရဘူး”ဆိုပြီး အပြစ်တင်တာ။ အဲဒါကို လမ်းလျှောက်တဲ့ဆရာတော်က ကြားတော့ “ဒီလူ ဘာတွေပြောနေပါလိမ့်မလဲ။ ငါ မနက်ကမှ ရေအပြည့်ဖြည့်ထားတာပါ”လို့ တွေးပြီး အဲဒီဒကာနား သွား။ “ဘာဖြစ်တာလဲ”။ “ရေသောက်ချင်လို့ပါဘုရား”။ “သောက်လေ။ အိုးထဲမှာ ရေတွေ ရှိသားပဲ”။ “ဘယ်ကရှိရမှာလဲ။ ရေတစ်စက်မှမရှိဘူး”။ “ဒကာ ငါခပ်ပေးမယ်၊ ကြည့်”ဆိုပြီး ဆရာတော်က အိုးထဲက ရေကို သူကိုယ်တိုင် သူ့ရှေ့မှာ ခပ်ပေးလိုက်တာ၊ ခွက်ထဲမှာ ရေတွေက အပြည့်။ ဒီလိုပဲ အကုသိုလ်ကံကြီးလာပြီဆိုရင် ကောင်းကျိုးတွေ အကုန်ပျောက်တာ။ ထီပေါက်ပြီး လက်မှတ်ပျောက်သလိုမျိုးပေါ့။ အကုသိုလ်ကံက လိုက်နှိပ်စက်နေပြီဆိုရင် ဘယ်လိုမှ ရှောင်လို့တိမ်းလို့မရအောင် ဒုက္ခတောထဲ ပက်ပင်း တိုးရတာတွေလည်း လောကမှာရှိတယ်လေ။ ဘေးကြပ်နာမ်ကြပ်တို့၊ ရှေ့တိုးထမ်းပိုး နောက်ဆုတ် လှည်းထုတ်တို့ ဘာတို့ ညာတို့ပေါ့။ အရာတော်မြို့နယ် တောင်ကုန်းရွာက ဦးရွှေတောင်၊ ရန်ကုန်သွားဘုရားဖူးတာ။ ရွှေတိဂုံဘုရားပေါ်ရောက်လျက်နဲ့ ရွှေတိဂုံဘုရားကို မမြင်ခဲ့ရဘူးတဲ့။ ဘုရားလည်းရောက်တယ်၊ မျက်စိလည်း ကောင်းတယ်၊ ဘုရားလည်းရှိတယ်၊ ဒါပေမယ့် ပို့ပေးတဲ့လူက ပြတာကို သူက မမြင်တာ။ ဒီလိုမျိုးပေါ့။ အခု ဒီမှာလည်း မိလကခမျာ ရေရှိလျက် ရေမတွေ့ရဘူးလေ။

ဒီတော့မှ မိလကမုဆိုး သံဝေဂရသွားတာ။ ထိတ်လန့်သွားတာ။ “ငါ့အကုသိုလ်တွေက အတော်ကြီးနေပါလား။ ရေတွေ ရှိနေတာတောင်မှ ငါ့အတွက် ပျောက်နေပါပေါ့လား”လို့တွေးပြီး ဆရာတော်ထံ ကိုရင်ကြီးဝတ်ခွင့်တောင်းတယ်။ ဆရာတော်ကလည်း ကိုရင်ဝတ်ပေးပြီး တရားအားထုတ်ခိုင်းတယ်။ သမာဓိထူထောင်နည်း၊ ဖြစ်ပျက်ရှုနည်းတွေ သင်ပေးတာပေါ့။ သင်ပေးထားသော်လည်း သူဟာ သူအမဲလိုက်စဉ်က အကြောင်းအရာတွေပဲ နိမိတ်ပြန်ထင်နေတယ်။ ကျော့ကွင်းတွေ ဘိတွေ ထောင်ခဲ့တာတွေ ပြန်မြင်နေတယ်။ ပြန်မြင်နေပြီး ခန္ဓာကိုယ်တွေကလည်း ပူလောင်လာတယ်။ ငရဲမီးတွေ လာမိတ်ဆက်နေတာလေ။ လက်ရှိခန္ဓာမှာ အပူတွေ တဟပ်ဟပ် လာလာထိသလိုသာ ခံစားနေရတာ။ သမာဓိက လုံးဝမရဘူး။ ဖြစ်ပျက်မြင်ဖို့ နေနေသာသာ။ ဒါနဲ့ “ငါတော့ မထူးပါဘူး၊ အရင်အလုပ်သာ ပြန်လုပ်တော့မယ်”လို့ဆုံးဖြတ်ပြီး ဆရာတော်ထံ ချဉ်းကပ်၊ လူထွက်ခွင့်တောင်းတယ်။ ဆရာတော်က ရဟန္တာအရှင်မြတ်ကြီးဆိုတော့ သိနေတယ်။ “ဒီကိုရင်ကြီး ဒီအတိုင်းသာဆို ငရဲအိုးထဲ ဇောက်ထိုးကျတော့မှာပဲ”လို့တွေးပြီး “အေး လူထွက်ချင်ရင် ရေသဖန်းသား အစို လှည်းသုံးစီးတိုက်လောက်သွားခုတ်ပြီး ပုံ၊ မီးရှို့စမ်း”။ မီးထိုင်ရှို့တယ်။ တစ်နေကုန်ရှို့တာ မီးက မလောင်ဘူး။ “ရှို့လို့မရဘူးဘုရား”။ ဒါနဲ့ ညနေရောက်တော့ ဆရာတော်က “ကိုရင်ကြီး၊ လာ၊ ငါပြမယ်”ဆိုပြီး တန်ခိုးနဲ့ မြေပြင်ကို နှစ်ခြမ်းခွဲ၊ အ၀ီဝိငရဲကို ပြလိုက်တာ။ ငရဲသားတွေခံနေရတာတွေရော မီးတောက်မီးလျှံတွေရော အကုန်မြင်နေရတယ်။ သူလိုလုပ်ခဲ့တဲ့သူတွေ သူ့အမျိုးတွေ သူ့အရင်သေသွားတဲ့သူတွေ အဲဒီမှာ ခံပြီး အော်ဟစ်နေရတာကိုလည်း ဆရာတော်က မြင်အောင် ဖန်ဆင်းပြလိုက်တာ။ ပြီးတော့ ဆရာတော်က ငရဲမီးလေး ပိုးစုန်းကြူးပမာဏလောက် (ခဇ္ဇောပနကမတ္တ)လက်နဲ့လှမ်းယူလိုက်တယ်။ တန်ခိုးနဲ့မို့သာ ရတာနော်။ ပကတိလက်နဲ့ ကိုင်လို့မရဘူး။ အက်ဆစ်တောင် မလွယ်တဲ့ဥစ္စာ။ အဲဒီငရဲမီးလေးကို ရေသဖန်းသားပုံပေါ် ပက်ဖြန်းပေးလိုက်တာ ချက်ချင်း ပြာကျသွားတယ်။ ဆရာတော်က “မင်း လူထွက်ရင် အဲဒီငရဲ ကျမှာ။ မင်း အဲဒီငရဲမီး အပူဒဏ်ကို ခံနိုင်ပါ့မလား”မေးလိုက်တော့ ကြောက်သွားတာ။ ကြောက်တာ သံဝေဂလို့ခေါ်တယ်။ ဒါနဲ့ “တပည့်တော် သာသနာ့ဘောင်မှာပဲ နေပါတော့မယ်ဘုရား”လို့ လျှောက်လိုက်တယ်။ ထိုအခါ သံဝေဂဉာဏ်ကြီးလာပြီဖြစ်လို့ လုံ့လ၀ီရိယအားတင်းပြီးအားထုတ်လိုက်တာ။ ၀တ်ကြီးဝတ်ငယ်ပြုစုချိန်ကလွဲ ကျန်တဲ့အချိန် အားထုတ်။ ကောက်ရိုးအစိုခေါင်းပေါ်ခွေတင်ပြီး ခြေထောက်ကိုရေစိမ်ပြီးထိုင်တယ်။ အိပ်ချင်မှာစိုးလို့တဲ့။ အချိန်ပြည့် ကမ္မဋ္ဌာန်းနဲ့သာနေတယ်။ တစ်နေ့တော့ ရေအိုးကို ပေါင်ပေါ်တင်ပြီး ရေစစ်နေစဉ် ဥဒါန်းကြူးလိုက်သတဲ့။

ဥဋ္ဌာန၀တော သတိမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။

သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသော ဘိဝဎုတိ။

ဒါကတော့ ၀ီရိယရှိရမယ်၊ သတိရှိရမယ်၊ ကံသုံးပါးစင်ကြယ်ရမယ်၊ စူးစမ်းဆင်ခြင်ညာဏ်ရှိရမယ်၊ ဣနြေ္ဒလုံခြုံရမယ်၊ တရားသဖြင့်အသက်မွေးရမယ်၊ မမေ့မလျော့ရဘူး။ ဒီတရာတွေနဲ့ပြည့်စုံရင် စီးစိမ်ချမ်းသာ ရာထူးသတင်း ကျော်ဇောခြင်းနဲ့ ပြည့်စုံတယ်လို့ ဆိုလိုပါတယ်။ ဒီအဓိပ္ပယ်ရှိတဲ့ ဂါထာကို ရွတ်ပြီး လုံ့လ၀ီရိယပြင်းထန်စွာနဲ့ ခန္ဓာနာမ်ရုပ်ကို ဒိဋ္ဌိပြုတ်တဲ့ဉာဏ်အမြင်နဲ့ ဖြစ်ပျက်မဂ် ကိုက်အောင် ရှုချလိုက်တာ၊ ဖြစ်ပျက် သုံးကြိမ်မြင် သုံးကြိမ်မုန်း သုံးကြိမ်ဆုံးတာနဲ့ သုံးမဂ်သုံးဖိုလ်ရပြီး အနာဂါမ်အထိတည်သွားလေသတဲ့။ သောတာပန်ဖြစ်ပြီးကတည်းက အပါယ်တံခါးပိတ်သွားပြီလေ။ အနာဂါမ်ဆိုတော့ ပြောမနေနဲ့တော့။ မျက်စိနဲ့ တပ်အပ် မြင်နေရတဲ့ သူ့အတွက် ပေါက်နေတဲ့ အပါယ်ဘုံကိုပင် သိမ်းပေးပြီး အပါယ်တံခါးကို လုံခြုံစိတ်ချရလောက်အောင် ပိတ်ပေးနိုင်တာ ကိုယ်ရှုတဲ့မဂ်၊ ကိုယ်သိတဲ့သစ္စာတရား။ ဒါကြောင့် လောကမှာ ကြောက်စရာအကောင်းဆုံးဟာ အပါယ်လည်းမဟုတ်ဘူး၊ နတ်သားရဲလည်းမဟုတ်ဘူး၊ ခြင်္သေ့တို့ ကျားတို့လည်းမဟုတ်ဘူး၊ သူခိုးဓားပြလည်းမဟုတ်ဘူး။ သစ္စာမသိမှာဟာ ကြောက်စရာအကောင်းဆုံး။ သစ္စာသာသိလိုက်စမ်းပါ၊ မဂ်ဉာဏ်ရအောင်သာ အားထုတ်လိုက်စမ်းပါ။ အဲဒီကြောက်စရာဘေးတွေ အကုန်အေးငြိမ်းပြီ။ ဒါကြောင့် အပါယ်တံခါးပိတ်ဖို့အတွက် ပဋိစ္စသမုပ္ပါဒ်ကြောင်းကျိုးသိရမယ်၊ ဖြစ်ပျက်မြင်ရမယ်၊ ဒိဋ္ဌိပြုတ်ရမယ်။ ဒါဆိုရင် သစ္စာသိပြီ။ ဒီသစ္စာသိတဲ့ဉာဏ် အားထုတ်နေရင် ၀ိပဿာနာဉာဏ်ဖြစ်ပြီ။ ဒီအားထုတ်ဆဲဝိပဿနာဉာဏ်သည် မဂ်ဉာဏ်သို့လျှင်မြန်စွားကျေးဇူးပြုလိုက်တော့လည်း နိဗ္ဗာန်ရောက်ပါပေါ့လား။ အပါယ်တံခါးပိတ်ပြီပေါ့။

 

ဒေါက်တာအရှင်ပါရမီ

အပြည်ပြည်ဆိုင်ရာထေရ၀ါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်

မရမ်းကုန်း၊ ရန်ကုန်

(၂၆-၁-၂၀၁၅)

Leave a Reply