DSC07324

ဝါဆိုခြင်းဟူသည်

0

4x6c

ရဟန်းတော်များသည် မိုးလေးလရှိသည့်အနက် ရှေ့ပိုင်းသုံးလတွင်မိမိအဆင်သင့်ရာ ကျောင်းတိုက်၌ စွဲမြဲစွာနေထိုင်ကြရသည်။ ယင်းကို ဝါကပ်သည် ဝါဆိုသည်ဟုပြောကြ၏။ စင်စစ်မှာ ကိုယ်နေထိုင်ရာကျောင်း၌သာ ညအိပ်ညနေ အပြင်မသွားဘဲ စွဲမြဲစွာနေထိုင်ခြင်းဖြစ်၏။ အကယ်၍ ညအိပ်ညနေ အပြင်သွားရန်ရှိပါက ခွင့်ပန်၍သွားနိုင်သည်။ ၎င်းကို ဝါပန်သည်ဟု ပြောလေ့ရှိ၏။ ဝါကိုလည်း အကြောင်းမဲ့ပန်၍မရ၊ အကြောင်းရှိမှ ပန်လို့ရ၏။ (ဒါတုံ သောတုံ ပသိတုံ) တုံသုံးချက် တစ်ချက်ချက်မိမှ ပန်လို့ရ၏။ တုံသုံးချက်ဆိုသည်မှာ (၁) အလှူဒါနပြုလို၍ ပင့်ဖိတ်လျှင်ဖြစ်စေ (၂) တရားပွဲပင့်လျှင်ဖြစ်စေ (၃) ရဟန်းသံဃာတို့အား ဖူးမြော်ချင်၍ပင့်လျှင်ဖြစ်စေ ထို (တုံ)သုံးချက် တစ်ချက်ချက်မိမှ ဝါပန်၍သွားနိုင်၏။ သို့သော် (၇)ရက်ထက်မကျော်ရ၊ (၇)ရက်အတွင်း မိမိဝါဆိုရာကျောင်းသို့ ပြန်လာရသည်။ (၇)ရက်ထက်ကျော်အောင် အပြင်၌ ညအိပ်ညနေ နေမိပါက ဝါကျိုးသည် ဝါပြတ်သည်ဟု ပြောလေ့ရှိ၏။ ဝါကျိုး ဝါပြတ်သောရဟန်းသည် ကထိန်ခံခွင့် သံဃိကဝေစုခံယူခွင့်များ ဆုံးရှုံးရ၏။ ဝါကတော့ လျော့မသွားပေ။

ဝါဆိုခြင်းနှစ်မျိုးရှိ၏။ ပုရိမဝါနှင့် ပစ္ဆိမဝါဟုဆိုရ၏။ ပုရိမဝါသည် အများဆိုင်ဝါဖြစ်၏။ ပထမဝါဟုလည်း ခေါ်ကြ၏။ ဝါဆိုလပြည့်ကျော် (၁)ရက်နေ့တွင်ဆိုရ၏။ သီတင်းကျွတ်လပြည့်နေ့အထိ သုံးလတိတိ မိမိနေထိုင်ရာ ကျောင်း၌ နေရ၏။ ထိုပထမဝါဆိုသော ရဟန်းတော်များအတွက် သီတင်းကျွတ်လပြည့်နေ့တွင် ဝါကျွတ်၏။ သို့သော် အွန်လိုင်းတွင် ဝါဆိုလပြည့်နေ့၌ ဝါဆိုကြသည့်ပုံများ တွေ့ရ၏။ အပြစ်ဖြစ်သည်ဟုမဆိုသာသော်လည်း ဆိုရမည့်ရက်မရောက်ခင် ကြိုတင်ဆိုထားခြင်းဖြစ်နေ၍ ထမြောက်အောင်မြင်မှု မရှိ။ မှားမှန်းသိပြီး ဝါဆိုလပြည့်ကျော်(၁)ရက်နေ့တွင် ပြန်ဆိုလျှင်မူ ထမြောက်အောင်မြင်သည်သာဖြစ်ပါ၏။ ပြန်မဆိုလျှင် ဝါမရ။

ထို့အပြင် ခြွင်းချက်အနေဖြင့် ပစ္ဆိမဝါဆိုနိုင်၏။ ဒုတိယဝါဟုလည်း ခေါ်ကြ၏။ အကြောင်းအားလျော်စွာ ပထမဝါမဆိုနိုင်ခဲ့လျှင်ဖြစ်စေ၊ ပထမဝါဆိုပြီးကျိုးခဲ့လျှင်ဖြစ်စေ ဝါခေါင်လပြည့်ကျော် (၁)ရက်နေ့တွင် ဒုတိယဝါဆိုနိုင်၏။၊ ဆိုခွင့်ရှိ၏။ ထိုဒုတိယဝါဆိုသောရဟန်းတော်များအတွက် တန်ဆောင်မုန်းလပြည့်နေ့တွင် ဝါကျွတ်၏။ ထိုဒုတိယဝါကိုမူ အများစုက မဆိုကြ၊ အနည်းစုသာ ဆိုကြ၏။ အကြောင်းမညီညွတ်၍ ပထမဝါမဆိုလိုက်ရသူများသာ ဆိုလေ့ရှိကြ၏။

ဤသို့ ဝါဆိုဝါကပ်သည့် အစဉ်အလာကို ဗုဒ္ဓလက်ထက်မှ ယနေ့ထိတိုင် ရဟန်းတော်များ လိုက်နာကြလျက်ရှိ၏။ ဗုဒ္ဓချမှတ်တော်မူခဲ့သော ကောင်းမွန်သောအစဉ်အလာဖြစ်၏။ ဓလေ့ထုံးစံလည်းဖြစ်၏။ ဝိနည်းစည်းကမ်းလည်း ဖြစ်၏။ သို့ဖြစ်၍ ရဟန်းတော်များသည် မဖြစ်မနေ လိုက်နာကြရ၏။ ဝိနည်းဟူသည် လိုက်နာလျှင် အကျိုးရှိ၏။ မလိုက်နာလျှင် အပြစ်ဖြစ်၏။ လိုက်နာကျင့်သုံးလျက် ဝါဆိုခြင်းဖြင့် ဝါတွင်းကာလတွင် ရဟန်းတော်များသည် ဂန္ထဓူရ ဝိပဿ နာဓူရတို့ကို ပိုမိုအချိန်ပေးလုပ်ဆောင်နိုင်ကြ၏။ ဂန္ထဓူရဟူသည် စာသင် စာချ တရားဟော တရားပြခြင်းအလုပ်ဖြစ်၏။ ဝါတွင်းတွင် အဓိကထားလုပ်ကြရ၏။ ဝါပ၌လည်း ထိုက်သည်အားလျော်စွာ လုပ်ရ၏။ ဝိပဿ နာဓူရသည် တရားအားထုတ် တရားထိုင်ခြင်းအလုပ်ဖြစ်၏။ ဝါတွင်းတွင် အဓိကထားလုပ်ကြ၏။ စင်စစ်မှာ ဝိပဿ နာအလုပ်သည် အချိန်မရွေး နေရာမရွေး ဣရိယာပုတ်မရွေး လုပ်ရသောအလုပ်ဖြစ်၏။ ပျင်းလည်းလုပ် ပျော်လည်းလုပ်ရမည့်အလုပ်မျိုးဖြစ်၏။ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်ရမည့်အလုပ်ဖြစ်၏။ လုပ်ချင်လည်းလုပ်ရ မလုပ်ချင်လည်းလုပ်ရသည့် အလုပ်ဖြစ်၏။ ထိုတာဝန်နှစ်ရပ် သို့မဟုတ် ဓူရနှစ်ဖြာလိုက်နာကျင့်သုံးရေးသည် ရဟန်းတော်တို့၏ ရာသက်ပန်တာဝန်ဖြစ်၏။ ထိုတာဝန်များကို ဝါဆိုမိုးကာလမှာ အဓိထား ဆောင်ရွက်နိုင်စေရန်အတွက် ရဟန်းတော်များ နှစ်စဉ် ဝါဆို ဝါကပ်တော်မူကြရသည်။

ဒေါက်တာအရှင်ပါရမီ

Leave a Reply