ဗုဒ္ဓဘာသာကို နားလည်ကြည့်ခြင်း(၂)

1

ဗုဒ္ဓဘာသာမှာ ဒါနဆိုတဲ့စကားလုံးကို အဓိပ္ပါယ်ဖွင့် ဘောင်ခတ်ကန့်သတ်ထားလေ့ရှိကြ၏။ ဘယ်လိုပုဂ္ဂိုလ် လှူမှမြတ်တယ် စသည်ဖြင့်ပေါ့။ မြတ်မှလှူမယ်ဆိုလျှင် ကိုယ်ကျိုးငဲ့တဲ့အလှူဖြစ်နေတာကို သတိထားသင့်ပါတယ်။ မိမိကောင်းကျိုးထက် လောကကောင်းကျိုး အများကောင်းကျိုး အတွက် ထိရောက်မှုရှိမယ်ဆိုလျှင် လှူသင့်တာပါပဲ။ ဥပမာပြောရရင် ဘုရားတည်၊ ကျောင်းဆောက် အလုပ်တွေတော့ အများကြီးလုပ်ပါတယ်၊ ကိုယ့်အိမ်ဘေးက ဆေးကုစရိတ်မရှိရှာလို့ သေရတော့မယ်ဆိုတဲ့လူနာ၊ ဆေးဖိုးလေး တစ်သောင်း နှစ်သောင်းလောက်ထုတ်ပေး လိုက်ရင် သူအသက်မသေနိုင်ဘူးလို့ သိရတဲ့လူနာကို လက်ပိုက်ကြည့်နေတယ်ဆိုရင် ဒင်းဒိုက်နဲ့ဒင်းကံ သေသာ သေလိုက်တော့ ဆိုတဲ့သဘော သက်ရောက်သွားတယ်။ ကိုယ့်အတွက် တစ်သောင်းနှစ်သောင်းဟာ မပြောပလောက်ပေမယ့် အဲဒီလူနာအတွက်မှာတော့ အသက်ဘေးကလွတ်မြောက် သွားနိုင်တယ်လေ။ ဒါဆိုရင် ကိုယ့်အတွက်တော့ ဘုရားလှူတာလောက် မြတ်ချင်မှမြတ်မှာပေါ့။ သူ့အတွက်ကျတော့ တန်ဖိုးမဖြတ်နိုင်တော့ဘူး။ လူသားတို့ရဲ့ ဘ၀ အခက်အခဲတွေကို ပညာရှိနည်းနဲ့ဖြစ်စေ ငွေကြေးအထောက်အပံ့နဲ့ဖြစ်စေ ကူညီပေးမယ်ဆိုရင် ကောင်းမြတ်တဲ့ ဒါနသဘောတရား အခြေခံတွေပါပဲ။

မာဃလုလင်နဲ့လုလင် သုံးကျိတ်သုံးယောက်တို့ ဇာတ်လမ်းဟာ လောကကောင်းကျိုး ပြုလုပ်ငန်းတွေကို ဗုဒ္ဓဘာသာက မီးမောင်းထိုးပြနေတာပါ။ လမ်းတွေဖောက်တယ်၊ တံတားတွေ ဆောက်တယ်၊ ဥယျာဉ်တွေစိုက်ပျိုးတယ်၊ အရိပ်ရသစ်ပင်တွေစိုက်ပျိုးတယ်၊ ဇရပ်တွေဆောက်တယ်၊ ရေကန်တွေတူးတယ်ဆိုတာ ပရဟိတစိတ်ဓာတ်တွေပေါ့။ ဒီလိုပရဟိတစိတ်ဓာတ်နဲ့ အများကောင်းကျိုး ကိုယ်စားပြုနေကြတဲ့ ဗုဒ္ဓဘာသာတွေဟာ အများကြီးပါပဲ။ ဒါပေမယ့် ဒီလိုလုပ်ငန်းတွေကိုကျတော့ နိဗ္ဗာရောက်ကြောင်းမဟုတ်ဘူးလို့ ပယ်ချလိုက်တဲ့အခါမှာ ဗုဒ္ဓဘာသာဟာ လောကကောင်းကျိုးအတွက် ဘာမှအားကိုးလို့ မရတော့တဲ့ဘက်ကို စောင်းသွားတယ်။ ဘုရားအလောင်းတော်ကြီးဟာ ပါရမီတွေ ကမ္ဘာကုဋေချီလို့ ဖြည့်ဆည်းခဲ့တယ်ဆိုတာ လောကကောင်းကျိုးတွေ ကိုယ်စားပြုပြသွားတာပါ။ လောကကြီးအတွက် အသက်ပေးခဲ့တဲ့သာဓကတွေ၊ သတ္တ၀ါတွေကို အသက်ပေး ကာကွယ်ခဲ့တဲ့ သာဓကတွေ ဇာတ်တော်တွေမှာ များစွာရှိပါတယ်။ ဒီလိုအများကောင်းကျိုးတွေ ဆောင်ရွက်ကြရင်းနဲ့ပဲ လောကကြီးလဲတိုးတက်၊ ကိုယ့်ဘ၀လဲ ရင့်ကျက် နောက်ပိုင်းမှာ ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန် အချိန်တန်တော့ ရောက်သွားကြတာပါပဲ။

ဗုဒ္ဓဘာသာအပေါ်မှာ နားလည်မှုတွေ မတည့်မတ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေဟာ ကမ္ဘာမှာ ထိပ်တန်းမရောက်နိုင်ခဲ့ကြတာပဲလို့ သုံးသတ်နေမိပါတယ်။ ခေတ်ပေါ်နည်းပညာတွေ တိုးတက်ပြောင်းလဲနေသော်လည်း အဲဒီလို တိုးတက်အောင် ပြောင်းလဲအောင် စွမ်းဆောင်တဲ့အထဲမှာ ဗုဒ္ဓဘာသာတွေပါဝင်တဲ့ အခန်းကဏ္ဍက တော်တော်နဲနေတာတွေ့ရတယ်။ နောက်ကောက်ကျနေတဲ့ သဘောဆောင်နေတယ်။ ဒါဟာ ဘုရားဟောတရားတော်တွေကြောင့် မဟုတ်ဘဲ ဘုရားဟောတရားတော်တွေကို ခံယူကျင့်သုံးတဲ့နေရာမှာ မတည့်မတ်တာကြောင့်ဖြစ်နေတာပါ။ ခေတ်ပညာတွေ တတ်အောင်သင်၊ တီထွင် ကြံဆ ကြိုးပမ်းကြမယ်ဆိုရင် ဒါဟာ လောကကောင်းကျိုးပြု လုပ်ငန်းတွေအဖြစ် ဦးတည်သွားပြီး ဗုဒ္ဓအလိုကျလဲဖြစ်လာမှာပါ။ ပထမ ကိုယ်ကိုယ်တိုင်တိုးတက်အောင်လုပ်၊ ဒါဆို ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်လဲ တိုးတက်လာမှာပေါ့။ ပြီးရင် ကိုယ့်ရပ် ကိုယ့်ရွာ ကိုယ့်တိုင်းပြည် တိုးတက်အောင်လုပ်။ ဒီလိုလုပ်တာဟာ အတ္တကို တဖြည်းဖြည်းချင်း နဲပါးအောင်လုပ်နေတာပါပဲ။ ပထမတော့ အတ္တအခြေခံနဲ့စခဲ့တယ်။ နောက်ပိုင်း အများကောင်းကျိုးဘက်ကို ဦးလှည့်လိုက်တဲ့အခါမှာ အတ္တက အလိုလိုပျောက်သွားတယ်။ ကိုယ်ကျိုးစွန့်လုပ်ငန်းတွေ ဖြစ်လာတော့တာပါပဲ။ ကိုယ့်ဘ၀တစ်သက်တာမှာ လောကကြီးကောင်းစားရေး၊ အများကောင်းစားရေး ဘယ်လောက် စွမ်းဆောင်ပေးနိုင်ခဲ့သလဲဆိုတဲ့ ပေတံနဲ့ ဘ၀ကို စံထားတိုင်းတာလိုက်ပါ။ ဗုဒ္ဓဘာသာကောင်းတစ်ယောက်ဖြစ်လာပါလိမ့်မယ်။

Dr. V. Parami

  1. jitoohhtike
    jitoohhtike08-08-2011

    “ကိုယ်ကျိုစွန့် ” ဆိုတဲ့ စကားလုံးလေး စွဲသွားပါတယ် ..ပေတံနဲ့ တိုင်းကြည့်ရပါမယ် ..တဲ့ 

Leave a Reply