ကျေးဇူးတော်ရှင်

အဂ္ဂမဟာပဏ္ဍိတ မိုးကုတ်ဆရာတော်ဘုရားကြီး၏

သြ၀ါဒများ

* ငါသည် မုချသေရမည်၊ အချိန်ပိုင်းသာလိုတော့သည်။

* အသေမဦးမီ၊ ဥာဏ်ဦးစီးပြီး ၀ိပဿနာတရား အားထုတ်ပါ။

* ရခဲလှတဲ့ လူ့ဘ၀ကို အလွဲသုံးစားအချိန်တွေမဖြုန်းပါနဲ့။

* ခန္ဓာကိုယ်ဟာ မွေးကတည်းက အသေဘက်ကို ပြေးနေတယ်။

* မနေ့ကထက်ကနေ့ သေဖို့ တစ်ရက်နီးသွားပြီ။

* အပြေးမရပ်တဲ့ ခန္ဓာကိုယ်၊ သုဿာန်မရောက်ခင် မဂ္ဂင်အလုပ် အမြန်လုပ်ပါ။

* ခန္ဓာ၏၀တ္တရားက အသေရှာတာ၊ ဥာဏ်၏၀တ္တရားက အသေရှောင်တာ။

* ကိစ္စဟူသရွေ့၊ မဂ်တား-ဖိုလ်တားလို့ မှတ်ပါ။

* တဏှာလောဘခိုင်းတာလုပ်နေလျှင် သေတဲ့အခါ အပါယ်ရောက်မယ်။

* တရားနာနေတဲ့အချိန်ဟာ၊ မတရားအလုပ် မလုပ်တဲ့အချိန်ပဲ။

* နိဗ္ဗာန်သည် ကံ၏အကျိုးမဟုတ်၊ ဥာဏ်၏အကျိုးသာဖြစ်တယ်။

* ရက်ရာဇာ၊ ပြဿဒါးရွေးမနေနဲ့၊ သူတော်ကောင်းအလုပ်လုပ်နေတဲ့အချိန်ဟာ မင်္ဂလာအချိန်လို့မှတ်ပါ။

* သာသနာနဲ့ ကြုံမှ၊ သစ္စာလေးပါး ထွက်မြောက်ရေးတရားပေါ်မယ်။

* သစ္စာတရားကို နာမှသိမယ်။ သိမှ ကျင့်မယ်။

* နားက တရားကိုနာပါ၊ ဥာဏ်က ခန္ဓာကို လှည့်ပါ။

ဆုံးမစာလင်္ကာ(၁)

ဆိုပိမ့်မှန်ရာ၊ ကျမ်းဂန်လာဖြင့်၊ ဥာဏ်မှာစိုက်စူး၊ ဆင်ခြင်ဦးလော့၊ ရှည်ကြူးသို့စဉ်၊ သံသာခွင်၌၊ အမြင်ဘောက်ယွင်း၊ မိုးမလင်း၍၊ မြိုက်ခင်းညာဆီ၊ ခါတော်မီအောင်၊ ဝေသီနိုင်ဘဲ၊ သြဃ၀ဲ၌၊ ထပ်လဲသုံသုံ၊ နေ့ရက်ကုန်၍၊ ဆန်စုံမျောလပ်၊ တောမသတ်သည့်၊ ရဟတ်ဗွေချာ၊ ကြောက်ဖွယ်ရာတည်း၊ ငါးဖြာစုံညီ၊ ဒုလ္လဘီဟု၊ ကြုံမှီခေတ်တွင်း၊ စက်ဆုံကျင်းသား၊ မှန်းကင်းစိုက်ထူ၊ လူထက်လူဟု၊ ဇဗ္ဗူသောင်းခေတ်၊ ကောင်းစွာဖြစ်လည်း၊ အနှစ်မဲ့သော၊ အကာတောဝယ်၊ ဗျာမောဝင့်ကျယ်၊ တနွယ်နွယ်လျှင်၊ အကယ်သို့ပင်၊ ဟုတ်နိုးထင်လျက်၊ အမြင်မဖြောင့်၊ အညင်ထောင့်၍၊ မှောင်ထက်သာမှောင်၊ မိုးတိမ်တောင်နှင့်၊ သန်းခေါင်လမိုက်၊ မီးသွေးတိုက်ဝယ်၊ အလိုက်ဘာသာ၊ ၀ါသနာဖြင့်၊ ဟုတ်ရာစေ့စေ့၊ မြင်မမွေ့ဘဲ၊ ထင်သရွေ့နှင့်သာ၊ အလေ့ရှာ၏၊ အခါနာရီ၊ ရွေ့ရွေ့ချီသား၊ တိထီဆန်းဆုတ်၊ အတွင်းချုပ်လျှက်၊ သုတ်သုတ်ရက်ရေ၊ နားမနေဘဲ၊ မသွေနှိပ်စက်၊ ဇရာလက်တွင်၊ အသက်ကုန်ဆုံး၊ ပျက်ပြိုပြုန်း၏၊ သုံးလောကဓာတ်၊ ကြွင်းမလပ်ဘဲ၊ သူသတ်အချွံ၊ လက်မရွံကို၊ သတ်ခွန်ပဏ္ဍာ၊ သွင်းဖို့ရာတွင်၊ ခန္ဓာရုံကြီး၊ မြုံပြတည်းက၊ အငြီးဖြေကာ၊ စားအစာနှင့်၊ မကွာနေ့ည၊ စောင့်ရှာကြ၏။ မိုက်စလူလူ၊ သို့ပါမူလည်း၊ ပူနွယ်ဆွေးနွယ်၊ ရေးခွင်ကျယ်ကို၊ အေးဖွယ်ထင်မှတ်၊ အစဉ်ငတ်၍၊ မလတ်အာသာ၊ ထပ်ခါခါလျှင်၊ တဏှာစွဲထုံ၊ ယစ်မူးဟုန်ဖြင့်၊ အာရုံဓမ္မ၊ ပြာပုံမွနှိုက်၊ ရသရှာယူ၊ ပမာမူသော်၊ ရွာသူတို့ဝက်၊ ဆူတိုင်းခက်သား၊ ကြောက်မက်ဖွယ်ပင်၊ ကြောင်ကြောင်မြင်လည်း၊ ရွင်နိုင်လေအား၊ ၀က်အလားသို့၊ ထောင်လွားခက်ထန်၊ ရမ္မက်လျှံ၍၊ ခြွေရံသင်းပင်း၊ ကိုယ်နွံတွင်းမှာ၊ ကိုယ်မင်းဟုပင်၊ နင့်စိတ်ထင်၏၊ လေးအင်သစွာ၊ နက်နဲစွာကို၊ ဥာဏ်မှာဖောက်ထွင်း၊ ပေါ်မလင်းအောင်၊ ဖော်သင်းရံရွေ၊ မိတ်သင်တွေနှင့်၊ မကွေစပ်ရှက်၊ မာလောခက်သို့၊ ခင်မက်ဖွယ်ပုံ၊ အရံစုံကို၊ အကုန်ပိုက်ခြား၊ ဟုတ်ယောင်ကားနှင့်၊ တရားမဆန်၊ တက်ကြွားဂုဏ်မာန်၊ ပုံဟန်ပန်ဖြင့်၊ ပေါ်ရန်ဗန်းပြ၊ ဖုံးရှာကြ၏၊ အတ္တစွဲရာ၊ နင့်ခန္ဓာလည်း၊ မကြာပျက်ကြေ၊ ထုံးပြာမြေနှင့်၊ မိတ်ဆွေစစ်စစ်၊ ဧကန်ဖြစ်၏၊ အားသစ်ကုတ်ကော်၊ ကြိုးပါသော်လည်း၊ မပေါ်စွန်းမြတ်၊ ကျိုးမနပ်ဘဲ၊ ကပ်ပေါင်းသင်္ချေ၊ ရှုံးခဲ့လေပြီ၊ မရေမရာ၊ တငါငါနှင့်၊ ရှည်ကြာစွဲသုံး၊ ငါတစ်လုံးက၊ အနှုန်းမဖွယ်၊ လွန်သေးငယ်လျက်၊ သုံးသွယ်မြုံသိုက်၊ ဘုံတလှိုက်ဝယ်၊ ကုန်ရိုက်ဆူညံ၊ မြူမချန်ဘဲ၊ ပူလျှံတောက်ညီး၊ အသေမီးက၊ အပြီးကုန်စင်၊ ဘုံတစ်ခွင်ကို၊ တွင်တွင်လောင်မြိုက်၊ အပြောင်တိုက်လျက်၊ အမှိုက်ဝဋ္ဋ်နွယ်၊ သဲသဲကြွယ်လည်း၊ တကယ်မလောက်၊ သူသာမောက်၍၊ နောက်နောက်ကမ္ဘာ၊ ဖန်ဖန်လာလည်း၊ အစာတစ်ခု၊ သူ့ထံစု၍၊ ဗိုလ်တုပုံယင်၊ အကုန်ငင်သား၊ သင်္ခတမှန်၊ ရုပ်နှင့်နာမ်ကို၊ ၀န်းရံပိတ်ဆီး၊ မှောင်ထုကြီးကြောင့်၊ မီးဆယ့်တစ်ဖြာ၊ ဘယ်သောအခါဝယ်၊ လောင်စာသိမ်း၍ငြိမ်းမည်နည်း။

ဆုံးမစာလင်္ကာ(၂)

ကြားပိမ့်ဗိုလ်လူ၊ နားစိမ့်မူလော၊ ဆူဆူပရမေ၊ မြတ်စိန္တေတို့၊ ပဝေရှည်ကြာ၊ ရှေးဟိုခါက၊ ဂင်္ဂါသဲမျှ၊ ပွင့်ကုန်ကြ၍၊ များလှဝေနေ၊ ယျအထွေကို၊ အောင်မြေဘုံစံ၊ နန်းနိဗ္ဗာန်သို့၊ အမြန်ရောက်အောင်၊ မဂ္ဂင် ဖောင်ဖြင့်၊ ပို့ဆောင်ချဉ်းမည်၊ တရားစည်ကို၊ ဆော်မြည်ချိမ့်ချိမ့်၊ တသိမ့်သိမ့်နှင့်၊ ငြိမ့်ငြိမ့်လှိုက်ဆူ၊ ခေါ်တော်မူ၍၊ ရှင်လူခပဲ၊ သောက်သောက်လဲမျှ၊ ကျွတ်ပွဲတော်ကြီး၊ ခံကြပြီးပြီ၊ ရူးတိရူးကာ၊ နင်တို့မှာမူ၊ ၀ါသနာငြောင့်၊ အာသာမှောင့်၍၊ မဖြောင့်အယူ၊ စိတ်မဖြူဘဲ၊ အမူငြစ်ကျု၊ နင့်မှာစု၍၊ ငါးခုအာရုံ၊ မစင်ပုံကို၊ ခုံမင်မက်မူး၊ လောက်နှယ်ရူးလျက်၊ ဟစ်ကြူးကြွေးကြော်၊ မြတ်ရှင်တော်တို့၊ ခေါ်ပါတုံငြား၊ မလိုက်အားဘဲ၊ ရှည်လျားသံသာ၊ ခုတိုင်ကြာပြီ၊ တိုက်တာမိုးမြေ၊ စိန်ရွေငွေနှင့်၊ ခြွေရွေသင်းစု၊ ဘယ်တစ်ခုမျှ၊ ပျက်မှုနှင့်ဆိုင်၊ နင်မပိုင်ဘူး၊ အခိုင်အမာ၊ တစ်ငါငါနှင့်၊ ရှည်ကြာစွဲဆို၊ နင်၏ကိုယ်လည်း၊ နင်လိုရာရာ၊ မလိုက်ပါဘဲ၊ ဘာသာရောက်ရား၊ သဘောအားဖြင့်၊ လေးပါးကြောင်းအင်၊ ပြုစုစီရင်သော်၊ ဖြစ်ချင်တတ်တိုင်း၊ ပျက်ချင်တိုင်းပင်၊ မဆိုင်းပုံသေ၊  ဖြစ်ပျက်ချေ၏။ သုံးထွေ သာသနာ၊ ထွန်းခိုက်ခါဝယ်၊ သမ္ဘာမြင့်မောက်၊ ကံကောင်းထောက်၍၊ တစ်ယောက်ထူးလည်၊ ဖြစ်ပေသည်ဟု၊ အတည်နှလုံး၊ စွဲယူသုံးမှ၊ မြင့်ဆုံးမြင့်လှ၊ ဤဘ၀၀ယ်၊ ဒုက္ခနယ်တွင်း၊  ကျွန်စာရင်းမှ၊  လွတ်ကင်းဖို့ငှာ၊ လေးသစ္စာကို၊ ယထာဘူတ၊ သိထိုက်လှပြီ၊ ခေတ်မှာလွဲသွေ၊ ဖြစ်ရချေသော်၊ လေးထွေပါယ်ထဲ၊ နှောင်ကြိုးတဲ၍၊ မြုပ်မြဲမြုပ်အောင်၊ နင့်ကိုဆောင်လိမ့်၊ အမှောင်ကိုလေ၊ မိုက်ကင်းတွေကို၊ စစ်မြေအလား၊ ခန္ဓာငါး၌၊ သုံးပါးလက္ခဏ၊ မှတ်တိုင်ထူ၍၊ ငါးဆူဗိုလ်မင်း၊ ဘော်တစ်သင်းနှင့်၊ စစ်ခင်းပြီးသော်၊ အောင်စည်ဆော်လျက်၊ မြို့တော်ဝင်ရန်၊ တိပဋ္ဌာန်ဟု၊ လေးတန်တံခါး၊ ဖွင့်သောအားဖြင့်၊ ရှစ်ပါးမဂ္ဂင်၊ စလွယ်ဆင်၍၊ ပလ္လင်သဖွယ်၊ ဖိုလ်လေးသွယ်၌၊ စံပယ်နိုင်မှ၊ ချမ်းသာရ၍၊ ဒုက္ခနင့်မှာ၊ ငြိမ်လိမ့်သာတည်း၊ တဏှာဘုရင်၊ နင့်သခင်၏၊ လိုအင်လိုက်လျော၊ မိုက်သဘောနှင့်၊ မိုက်ဇောရေတွေ၊ မွန်း၍နေသော်၊ လှိုင်းလေပြင်းပြ၊ ပင်လယ်ဝ၌၊ မျောရမည်မှာ၊ မလွဲရာသည်၊ သစ္စာမြင်မှ ထင်မြင်တည်း။

ဟိုမှ ဒီမှ ဖတ်ရသမျှ အတိုအထွာ မှတ်စရာများ စုစည်းမှု

ဘုန်းကြီးကျောင်း

ဘုန်းကြီးကျောင်းဟူသည်..

ဗုဒ္ဓဘာသာဝင် အားလုံးတို့၏

ကုသိုလ်ပြုရာ ဆိပ်ကမ်းသာဖြစ်၏။

ကလေးများအတွက်

ဘာသာယဉ်ကျေးမှု ပျိုးခင်းဖြစ်သည်၊

ပျော်ရွှင်မြူးတူးရာ ကစားကွင်းဖြစ်သည်။

မိမိတို့ရင်သွေးများ လိမ်မာယဉ်ကျေးဖို့အတွက်

ရွာဦးကျောင်းသည် မီးပြတိုက်ပင်ဖြစ်သည်။

အရှင်မဟောသဓပဏ္ဍိတ

လက်တွေ့ဘ၀ထဲမှာ အသုံးချနိုင်ဖို့။

ယုံကြည်ထိုက်သူဖြစ်အောင် ရိုးသားရမည်။

အားကိုးထိုက်သူဖြစ်အောင် ကြိုးစားရမည်။

လေးစားထိုက်သူဖြစ်အောင်

စင်ကြယ်ရမည်။

(ဓမ္မဘေရီ အရှင်ဝီရိယ)

သူတစ်ဖက်သား မျက်မာန်ပွားသော်

တရားမကွာ ထိန်းစောင့်ကာဖြင့်

မေတ္တာနှလုံး ကိုယ်ကသုံးလျှင်

အရှုံးဘယ်မှာ ရှိချိမ့်နည်း။

(မင်းကွန်းဆရာတော်ကြီး)

အတိတ်ကိုတွေး မဆွေးလေနဲ့

အတိတ်ဆိုတာ ပြန်မလာဘူး။

အနာဂါတ်မှန်းဆ မလွမ်းတနဲ့

အနာဂါတ်ဆိုတာ မသေချာဘူး။

ပစ္စုပ္ပန်မှာ လုပ်သင့်ရာဝယ်

ပညာလုံ့လ အသုံးချလျှက်

ဘ၀တန်ဖိုး အားမာန်ကိုး၍

မြတ်နိုးကြည်ဖြူ အရယူလော့။

(ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ)

လူ့ဘ၀၏ အဓိပ္ပါယ်ဟူသည်

ကောင်းကောင်းစား၍

ကောင်းကောင်းဝတ်ခြင်းမဟုတ်။

ငြိမ်းချမ်းစွာနေခြင်းသာဖြစ်၏။

သူတော်စင်တို့သည်

ဘ၀အဓိပ္ပါယ်ကို

ငြိမ်းချမ်းစွာနေခြင်းဖြင့်

သက်သေပြခဲ့ကြ၏။

(ဆရာကြီးဦးရွှေအောင်)

မြတ်ဗုဒ္ဓဩ၀ါဒ

ကိုယ်လုပ်လိုက်တဲ့

အလုပ်ဟာ

ပြန်တွေးလိုက်တိုင်း

ကောင်းကျိုးဖြစ်စေမယ်

နောင်တ မရစေဘူးဆိုရင်

ဒီလိုအလုပ်မျိုးကို ဆက်လုပ်ပါ။ ။

မင်းကွန်းဆရာတော်ကြီး

သူများအကျိုး ပျက်စီးစရာကို

ဘယ်အခါမှမလုပ်နှင့်၊

မပြောနှင့်၊ မကြံနှင့်… ကြမ်းတမ်းသောစကားကိုမဆိုနှင့်…

မေတ္တာနှင့်ယှဉ်သောစိတ်ကို

ဖြစ်စေရမည်.

အကောင်းကြံ၊ အမှန်လုပ်၊

အဟုတ်ပြော…

ယခုလက်ရှိအချိန်ထက်

ကောင်းသောအချိန်မရှိ…

လက်ရှိအချိန်ကို နိဗ္ဗာန်အထိ

အကျိုးရှိအောင်သုံးပါ…။

သူတော်ကောင်းအဓိပ္ပါယ်

သူတော်ကောင်းဆိုတာ သူတော်လာအောင် ကိုယ်ကကောင်းပေးရတာပဲ သူတော်မှ ကိုယ်ကောင်းမယ်ဆိုရင် ဘယ်မှာလာပြီး သူတော်ကောင်းဖြစ်နိုင်ပါ့မလဲ သူတော်တော် မတော်တော် ကိုယ်ကတော်ရမယ်၊ သူကောင်းကောင်း မကောင်းကောင်း ကိုယ်ကကောင်းရမယ်၊ဒါမှ သူတော်ကောင်းအစစ်ဖြစ်နိုင်မယ်။
(တိပိဋကယောဆရာတော်)

သင်သေသွားသော်

သြော်….လူ့ပြည်လောက

လူ့ဘ၀ကား

အိုရနာရသေရဦးမည်

မှန်ပေသည်တည်း။

သို့တပြီးကား…..

သင်သေသွားသော်

သင်ဖွားသောမြေ၊

သင်တို့မြေသည်၊

အခြေတိုးမြင့်၊

ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊

စာစကားလည်း၊

ကြီးပွားတိုးမြင့်

ကျန်ကောင်းသင့်၏။

သင်ဦးချ၍ အမျှဝေရာ

စေတီသာနှင့်၊

သစ္စာအရောင်

ဥာဏ်တန်ဆောင်လည်း

ပြောင်းလျက်ဝင်းလျက်

ကျန်စေသတည်း။

(ဇော်ဂျီ)

မပေါင်းသင်းထိုက်သူများ

၁) မကောင်းမှုကို ပြုသူများ

(၂) မုသားပြောတတ်သူများ

(၃) ကိုယ်ကျိုးကိုသာ အလိုရှိလို့  ဆည်းကပ်လာသူများ

(၄) အယောင်ဆောင် သူတော်ကောင်းများ

(၅) နှုတ်နဲ့ သာ အဆွေခင်ပွန်းဖွဲ့ တတ်ပြီး ကိုယ်မပါတဲ့သူများ

(၆) နှုတ်ပြောတစ်ခြား အလုပ်တစ်ခြား ပြုမူပြောဆိုတတ်သူများ

(၇) အရှက်အကြောက် မရှိတဲ့သူများ

(၈) ကျေးဇူးကို မသိတတ်သူများ

(၉) မုန်းလွယ် ချစ်လွယ်သော စိတ်ရှိသူများ

(၁၀) အန္တရာယ်ပြုရအောင် ပေါင်းဖော်လာသူများ

(၁၁) စကားမတည်၊ ဒုစရိုက်အလုပ်တွေကို ပြုလုပ်ပြီး တွေ့ သမျှသတ္တ၀ါတွေကို

ညှင်းဆဲတတ်သူများ

(၁၂) စကားသာပြေပြစ်ပြီး စိတ်မပါပဲ ဟန်ဆောင်ပေါင်းကာ အခွင့်အရေးရှာတတ်တဲ့ သူများ

(၁၃) မြင်မြင်သမျှကို လိုချင်မက်မောတတ်တဲ့အပြင် မိတ်ဆွေကိုပါ ဖျက်ဆီးသွားတတ်သူများ

(၁၄) နှုတ်ကသာချိုသာပြီး စိတ်ကောက်တတ်တဲ့ သူများ။

(ကိုယ်ကျင့်မင်္ဂလာ – အရှင်ကုမာရ)

မင်းကွန်းဇေတ၀န် ဆရာတော်ကြီးက အဟောင်းကို မပြန်လင့်

အသစ်ကို မကြံလင့်

ဖြစ်အောင် မပြုလင့်

ပျက်အောင် မပြုလင့်

ဖြစ်တိုင်း ပျက်တိုင်းမြင်အောင်ရှူ

ဖြစ်အောင်ပြုက လောဘ

ပျက်အောင်ပြုက ဒေါသ

ဖြစ်တိုင်း ပျက်တိုင်း မသိက မောဟ ဟုဆုံးမခဲ့၏ ။